"ဝ"နှင့် ကိုးကန့်ခေါင်းဆောင်များ ပန်ဆိုင်း၌ တွေ့ဆုံ

"ဝ"နှင့် ကိုးကန့်ခေါင်းဆောင်များ ပန်ဆိုင်း၌ တွေ့ဆုံ
MNDAA နှင့် UWSA တို့၏ ဇန်နဝါရီ ၂၄ ရက် ပန်ဆန်းတွေ့ဆုံပွဲ  ဓာတ်ပုံ − UWSA
MNDAA နှင့် UWSA တို့၏ ဇန်နဝါရီ ၂၄ ရက် ပန်ဆန်းတွေ့ဆုံပွဲ ဓာတ်ပုံ − UWSA

ကိုးကန့်တပ်မတော်၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)စစ်ဦးစီးချုပ်ဦးဆောင်သည့်အဖွဲ့နှင့်ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌကျောက်ကော်အန်း ဦးဆောင်သည့်အဖွဲ့သည် "ဝ" ပြည်မြို့တော်ပန်ဆန်းတွင် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

MNDAAစစ်ဦးစီးချုပ်ဖုန်တဲရင်၊ ဒုတိယစစ်ဦးစီးချုပ်၊ အထွေထွေအတွင်းရေးမှူးအပါအဝင်ကိုးဦးအဖွဲ့က ပန်ဆန်းသို့သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

"လာရောက်တွေ့ဆုံကြတာမှန်ပါတယ်။ တရုတ်ရိုးရာနှစ်သစ်ကူးအကြို သာမာန်လည်ပတ်မှုပါ" ဟု "ဝ" ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ပြင်ပဆက်ဆံရေးတာဝန်ခံ(လားရှိုး) ဦးညီရမ်းက မဇ္ဈိမကိုပြောသည်။

MNDAA ပြောခွင့်ရသူလီကျားဝင်းကလည်း " ထွေထွေထူးထူးဆွေးနွေးခဲ့တာမျိုးမရှိပါဘူးဗျ။ တရုတ်နှစ်သစ်ကူးရောက်တော့မယ်ဆိုတော့ သွားရောက် အကြိုဂုဏ်ပြု နှုတ်ခွန်းဆက်တဲ့သဘောပါ" ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံမှုသည် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ကိုးကန့်ဒေသအား MNDAA မှ အလုံးစုံသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် "ဝ"နှင့် ကိုးကန့်ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

UWSP သည် ၁၉၈၉ ခုနှစ် ဧပြီလအတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး UWSP/UWSA "ဝ" ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ/ "ဝ" ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်အဖြစ်ရပ်တည်ခဲ့ခြင်းဖြစ်သည်။ MNDAAသည် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဖုန်ကျားရှင်မှ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သဘောထားမတိုက်ဆိုင်သောကြောင့် ၁၉၈၉ ခုနှစ် မတ်လ၌ ခွဲထွက်ကာထူ‌ထောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ တပ်ဖွဲ့နှစ်ခုကြား ကောင်းမွန်သောမဟာမိတ်ဆက်ဆံရေးရှိကြောင်းလီကျားဝင်းက မဇ္ဈိမကို ပြောသည်။

" ကျွန်တော်တို့ အမြဲတမ်း ညီအကိုလိုပေါင်းသင်းဆက်ဆံတာရှိပါတယ်။ ဆက်ဆံရေးပျက်ပြားတာမျိုးမရှိခဲ့ဖူးပါဘူးဗျ။ "ဝ" အနေနဲ့ကတော့ ကြားနေအနေနဲ့ ဘယ်ဖက်ကိုမှ ဘက်လိုက်တာမရှိဘူး။ အကူအညီတွေတော့ပေးတာပေါ့။ ကျွန်တော်တို့ရဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကို သူတို့လက်ခံပေးခဲ့တာကိုလည်း ကျွန်တော်တို့က အထူးကျေးဇူးတင်ပါတယ်" ဟု လီကျားဝင်းက ပြောသည်။

MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့က ဟိုပန်မြို့နှင့် ပန်လုံမြို့တို့မှ စစ်ကောင်စီစခန်းများကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် UWSA ထံ လွှဲပြောင်းပေးခဲ့သည်။ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်နေ့က ကျင်းပခဲ့သည်။

MNDAA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ကိုးကန့်အထူးဒေသ (၁)ကို အလုံးစုံ ပြန်လည်ရရှိထားပြီးဖြစ်ပြီး လက်ရှိတွင်စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီဟု  MNDAA က ထုတ်ပြန်ထားသည်။

UWSP/UWSA ကမူ ၎င်းတို့အနေဖြင့် ဘက်မလိုက်သော ရပ်တည်ချက်ကိုသာ လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် ကိုးကန့်ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်သွားမည်မဟုတ်ကြောင်းထုတ်ပြန်ထားသည်။

MNDAA နှင့် UWSA ခေါင်းဆောင်များ  ယခုတွေ့ဆုံမှုနှင့်ပတ်သက်၍ စောင့်ကြည့်ရန်လိုအပ်ကြောင်း  စစ်ကောင်စီထောက်ခံသည့်တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြ‌နေကြသည်ကို တွေ့ရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...