မြဝတီမြို့နယ်အတွင်း တရုတ်ငွေလိမ်လုပ်ငန်းများဖမ်းဆီးမည်ဟု သတင်းများဖြစ်ပေါ်နေသော်လည်း မြေပြင်တွင် လုပ်ငန်းများပုံမှန်လည်ပတ်နေ

မြဝတီမြို့နယ်အတွင်း တရုတ်ငွေလိမ်လုပ်ငန်းများဖမ်းဆီးမည်ဟု သတင်းများဖြစ်ပေါ်နေသော်လည်း မြေပြင်တွင် လုပ်ငန်းများပုံမှန်လည်ပတ်နေ

မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်ကာစီနိုလုပ်ငန်းနှင့် တရုတ်ငွေလိမ်ဂိုဏ်းများ ဖြိုခွင်း ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မြေပြင်အခြေအနေမှာ လက်ရှိအချိန်လုပ်ငန်းများ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်း အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းတွင် ဖမ်းဆီးမှုများလုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် တရုတ်လုပ်ငန်းရှင်များ၏ လုပ်ငန်း‌များ ပုံမှန်လည်ပတ်နေဆဲဖြစ်ကြောင်း မြဝတီမြို့ခံများက ပြောသည်။

“ကျားဖြန့်တွေ ဂိမ်းရုံတွေ၊ ကာစီနိုတွေဖမ်းမယ်သာ သတင်းက လိုင်းပေါ်မှာ ပျံ့နေတာ တကယ် လာ ကြည့် မြဝတီမှာ၊ အခုရပ်ကွက်အိမ်တွေ တရုတ်တွေငှားနေတာ၊ ဝယ်ပြီးနေနေတာ၊ ဂိမ်းရုံတွေ ဖွင့် လာ တာ ပိုတောင်များလာသေးတယ်။  BGF အစောင့်အလုပ်ဝင်လုပ်တဲ့ ကလေးတွေလည်း အေးအေး ဆေး ဆေးပဲ။ တစ်လဘတ်ရှစ်ထောင်တစ်သောင်းရနေကြတာ။ တကယ်သာဖမ်းမယ်ဆိုရင် မြဝတီမြို့ ပါ ပျက်သွားမယ်ထင်တယ်”ဟု မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လက်ရှိ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး၊ မြဝတီအမှတ် (၅) ရပ်ကွက်၊ ရေပူ၊ ကြခတ်တော၊ ဖားခြောက်ကောင်၊ ကြံခင်း၊ အုတ်ဖို၊ စိုက်ပျိုးရေးဇုန်ရပ်ကွက်နေရာများ တွင် တရုတ်ကျားဖျန့် ငွေလိမ်ဂိုဏ်းအိမ်ရာဝင်းများ၊ ကာစီနိုအွန်လိုင်းလောင်းကစားရုံ ၁၀၀ ကျော်တွင် လုပ်ငန်းပေါင်း ၃၀၀ ကျော်အထိ လုပ်ကိုင်လျက်ရှိနေကြောင်း မြဝတီအုပ်ချုပ်ရေးဌာန နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

BGF အမှတ် ၆ ဂိတ် ကာစီနိုရုံအနီး နေထိုင်သူတစ်ဦးက “ဒီတရုတ်ဆိုက်တွေ ဖမ်းမယ်ဆိုရင် ပြဿနာတော့တက်မှာပဲ။ ကရင်လက်နက်ကိုင် ခေါင်းဆောင်ပိုင်းက အကုန်ပါနေကြတာ၊ ကျနော် တို့တော့ ဖြစ်မယ်မထင်ဘူး။ အခုက မြဝတီမှာ ဂိမ်းရုံ၊ အာဝါ‌ဒေးနဲ့ ပွဲခင်းသံတွေကတော့ ညတိုင်းကြား နေရတာ မထူးဆန်းတော့ဘူး၊ မြို့က လူငယ်တွေလည်း အဲ့တရုတ်ဆိုက်တွေမှာပဲ အလုပ်လုပ်ကြတာ များတယ်။ အဲ့ တရုတ်ဆိုက်တွေသာ ရပ်သွားရင် မြဝတီမှာ အကုန်ဒုက္ခရောက်ကုန်မယ် ”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ကုန်ပိုင်းက ထိုင်းနိုင်ငံအကြီးတန်းစစ်ဗိုလ်ချုပ်များ နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တစ်ကြိမ်၊ အွန်လိုင်းမှတစ်ကြိမ် ငွေလိမ်လုပ်ငန်းများ နှိမ်နှင်းရေးဆွေးနွေးကြသည့် သတင်းများထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတင်းထုတ်ပြန်ဆွေးနွေးမှုများရှိနေသော်လည်း ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး တရုတ်ကာစီနိုလုပ်ငန်းနှင့် ကျားဖျန့် ငွေလိမ်လုပ်ငန်းနေရာများတွင် သွားလာဝင်ထွက် ရောင်းဝယ်မှု ပုံမှန်အနေအထား ဆက်ရှိနေကြောင်း ကာစီနိုတရုတ်ဆိုက် စားသောက်ဆိုင်များသို့ စားသောက်စရာ ဈေးကား မောင်းပို့သူများပြောစကားအရ သိရသည်။

Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...
CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...