စစ်ကောင်စီ၏ မတရားအဖမ်းဆီးခံ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် IPCM တောင်းဆို

စစ်ကောင်စီ၏ မတရားအဖမ်းဆီးခံ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် IPCM တောင်းဆို

မီဒီယာကျင့်ဝတ်၊ ဥပဒေများနှင့်အညီ လွတ်လပ်စွာသတင်းရယူ တင်ဆက်ခြင်းအပေါ် စစ်ကောင်စီ၏ မတရားဖမ်း‌ဆီး၊ ထောင်ချမှုခံနေရသော သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ ဇန်နဝါရီလ(၁၀)ရက်စွဲဖြင့် တောင်းဆို လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့က တစ်နိုင်လုံးရှိ အကျဉ်းထောင်များမှ အကျဉ်း သား(၉,၀၀၀)ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ရာတွင် မြန်မာသတင်းဓာတ်ပုံအေဂျင်စီ (MPA)နှင့် မဲခေါင်သတင်းဌာနမှ သတင်းထောက်(၃)ဦး ပါဝင်လာသည်နှင့်စပ်လျဉ်း၍ IPCM က ထိုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်းခံနေရသော သတင်းသမား(၅၂)ဦး အား အမြန်ဆုံးပြန်လွှတ်ပေးရန် IPCM က တောင်းဆိုထားသလို ကျင့်ဝတ်၊ ဥပဒေများနှင့်အညီ တရားဝင် သတင်းရယူ၍ ပြည်သူသိရှိရန် တင်ဆက်ပေးမှုကို အဟန့်အတားဖြစ်စေသည့် စစ်ကောင်စီ၏ ဖမ်းဆီး၊ ထောင်ချမှုများကိုလည်း IPCM က ပြင်းပြင်းထန်ထန် ရှုံ့ချထားသည်။

ထို့အပြင် IPCM အနေဖြင့် ဖမ်းဆီးခံသတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးနှင့် တရားဝင် မီဒီယာလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရေးတို့ကို အဓိက ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အခုချိန်ထိ သတင်းလုပ်ငန်းကိုလုပ်ဆောင်နေတဲ့သူတွေလည်း ဘေးကင်းပြီလို့ ယူဆလို့မရဘဲ စိန်ခေါ်မှုတွေကြားက လုပ်နေရတဲ့အပေါ်မှာ အကာအကွယ်တစ်စုံတစ်ရာရရှိရေးက ဦးစား ပေးလုပ်ရမယ့် ထဲမှာ ပါပါတယ်။ IPCM အနေနဲ့ ကောင်စီအနေနဲ့ပဲမဟုတ်ဘဲ သတင်းသမား ဘေးကင်းလုံခြုံရေး လုပ်ဆောင် နေတဲ့ သတင်းအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဆက်အဖမ်းမခံရရေး၊ ဖမ်းဆီးခံထားရတဲ့ သတင်းသမားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ချဉ်းကပ်တာ ညှိနှိုင်းတာ တောင်းဆိုတာဖြစ်ဖြစ်ပေါ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု IPCM ၏ ဥက္ကဌ၊ ကေအိုင်စီ-ကရင်သတင်းဌာန၏ အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောသည်။

အာဏာသိမ်းယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ မြန်မာတစ်နိုင်လုံး ရှိအကျဉ်းထောင်များတွင် စစ်‌တပ်က ဖမ်းဆီး ထောင်ချခံထားရသော သတင်းသမား စုစုပေါင်း(၁၇၀)ဦးအနက် (၁၁၈)ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း IPCM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ သတင်းသမားများ ဖမ်းဆီးခံရမှုအများဆုံး ကမ္ဘာ့နိုင်ငံများအနက် တရုတ်‌နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက ဒုတိယနေရာ တွင်ရှိနေကြောင်း နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် -IFJ ကလည်း မေလ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...