အဝေးရောက် ဧရာဝတီအသင်း ၁၉ နှစ်မြောက်အခမ်းအနား ဂုဏ်ပြုပွဲနှင့် မြန်မာသံဖျော်ဖြေပွဲကျင်းပ

အဝေးရောက် ဧရာဝတီအသင်း ၁၉ နှစ်မြောက်အခမ်းအနား ဂုဏ်ပြုပွဲနှင့် မြန်မာသံဖျော်ဖြေပွဲကျင်းပ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တစ်နေရာတွင် ယမန်နေ့ နံနက်က ကျင်းပသည့် အဝေးရောက် ဧရာဝတီအသင်းအသင်း၏ ၁၉ နှစ်မြောက်နှစ် ပတ်လည်အခမ်းအနားတွင် မြန်မာရွှေ့ပြောင်း အလုပ် သမားအရေးနှင့် စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်လာသူများအား ကူညီစောင့် ရှောက်ရေးလုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုခြင်းနှင့်မြန်မာသံတေးဂီတဖျော်ဖြေပွဲအစီအစဉ်တို့ကို ကျင်းပပြုလုပ်ခဲ့သည်။

အဝေးရောက် ဧရာဝတီအသင်းအတွင်းရေးမှူး ကိုဖိုးသင်္ကြန်က “ကျနော်တို့က ဒီနွေဦးတော်လှန်ကာလမှ တိမ်းရှောင်လာကြသူတွေ၊ ရွှေ့ပြောင်းမြန် မာအလုပ် သမားတွေ၊ စစ်ဘေးရှောင်တွေကို မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ညှိနိုင်းပူး ပေါင်းပြီး ကူညီဆောင်ရွက်နေတာ အခု ၁၉ နှစ်ပြည့်အခမ်းအနားပါ၊ ဒီပွဲမှာ ကျနော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုချင်တာရယ်၊ နောက်ပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေထဲ မှာ လူငယ်ဂီတအနုပညာရှင်တွေကို ချီးမြှောက်ချင်တာရယ်၊ ကျနော်တို့အသင်း ၁၉ နှစ်ပြည့် အဖြစ် လုပ်ချင်တာမှာ စုပေါင်းပြီး ပွဲကျင်းပတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

အဝေးရောက်ဧရာဝတီ အသင်းအနေဖြင့် ယခင်ကာလများက ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ နာရေးကူညီမှုကိစ္စများကို အဓိကထားလုပ်ဆောင်သော်လည်း စစ်အာ ဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများတိမ်းရှောင်လာမှုအပေါ် နေထိုင်စရာ၊ စားသောက်စရာ၊ ကျန်းမာရေးစောင့်ရှောက်မှုအပြင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းများအား လုပ်ဆောင်နေသလို မြန်မာပြည်တွင်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို နယ်စပ် မှနေ၍ ထောက်ပံ့ကူညီနေသည့်  လူမှုကူညီရေးအသင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီအသင်းက ကျမတို့ မြန်မာပြည်က ပြေးရှောင်လာတော့ နေစရာစီစဉ်ပေးတယ်၊ စားစရာရိက္ခာပေး တယ်၊ စက်ချုပ်သင်ပေးတယ်၊ အလုပ်စပ်ပေးတယ်၊ အခု ကျမတို့ ကိုယ်ပိုင်ရပ်တည် နေထိုင်နိုင်တယ်။ ကျန်းမာရေး၊ သာရေးနာရေးလည်း လုပ်ကူပေးတယ်ဆိုတော့ ကျမတို့ မြန်မာပြည်က ပြေးရှောင်လာ ပေမယ့် ဒုက္ခကြီးကြီး မရောက်အောင် စောင့်ရှောက်ပေးတဲ့ အသင်းမို့လို့ ကျေးဇူးတင်ရပါတယ် ”ဟု စစ်အာဏာသိမ်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ အမည်မဖော်လိုသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အဝေးရောက် ဧရာဝတီအသင်းကို မြန်မာနိုင်ငံသားရွှေ့ပြောင်း လုပ်သားအရေးဦးဆောင်သူများ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများဦးဆောင်ပြီး ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က စတင်ဖွဲ့ စည်းထူ ထောင်ခဲ့ရာ ယခု ၁၉ နှစ်ပြည့်ခဲ့ပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးဘက်တော်သားများ နှင့်အတူ စစ်အာ ဏာရှင်စနစ်ပြုတ်ကျရေးနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလများအထိအရပ်ဖက် လူမှုအကူအညီများပေးနိုင်အောင် ဆက်လက်ရပ်တည်  ကြိုးစားလုပ်ဆောင်သွားမည်ဟု အသင်းတာဝန်ရှိသူများက ပြောသည်။

ယမန်နေ့ အခမ်းအနားကို နိုင်ငံရေးအရ တိမ်းရှောင်လာသူ  မြန်မာနိုင်ငံသားများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ်လူငယ်ဂီတအနုပညာရှင်များ စုပေါင်းပါဝင် ကျင်းခဲ့ ကြပြီး သောင်ရင်းသုခုမ မြန်မာသံဂီတပညာရှင်များ၊ ဆိုင်းပညာရှင်များ၊ မြန်မာအကအဖွဲ့ များ ပါဝင်ခဲ့ကြကြောင်း သိရသည်။

April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...