၂၀၂၄ ခုနှစ်မှာ နိုင်ငံရေးဘုံသဘောတူညီချက် အပြီးသတ်လုပ်ဆောင်ဖို့ KNU တိုက်တွန်း

၂၀၂၄ ခုနှစ်မှာ နိုင်ငံရေးဘုံသဘောတူညီချက် အပြီးသတ်လုပ်ဆောင်ဖို့ KNU တိုက်တွန်း
ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

၂၀၂၄ ခုနှစ်မှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်ဖို့အတွက် တကယ်လိုအပ်တဲ့ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်နဲ့ ဘုံသဘောထားတွေကို တညီတညွတ်တည်း အပြီးသတ်လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU တိုက်တွန်းလိုက်ပါတယ်။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ရဲ့ ပြည်သူလူထုထံ နှစ်သစ်ကူးသတင်းစကား ပြောကြားရာမှာ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်အာဏာရှင်ချုပ် ငြိမ်းရေးဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့တာပါ။

"ကျွန်တော်တို့ဘက်က ပြောရမယ်ဆိုရင် ဒီနေ့တိုက်ပွဲဝင်နေတဲ့အခါမှာ စစ်ရေးအားနဲ့ ဘုံရန်သူတိုက် ခိုက်တဲ့အခါမှာ ထူးထူးထွေထွေ ပြောကြားစရာမလိုဘူးဆိုပေမယ့်လို့ ရှေ့အနာဂတ်ကာလမှာ မတူကွဲပြားတဲ့အဖွဲ့တွေအားလုံး တညီတညွတ်တည်း ဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းနိုင်ရေးအတွက် တကယ်လိုအပ်တဲ့ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးရပ်တည်ချက်နဲ့ ဘုံသဘောထားများကို  ၂၀၂၄ ခုနှစ်မှာ အပြီးသတ်တညီတညွတ်တည်း လုပ်ဆောင်သွားဖို့လိုပါတယ်ဆိုတာ ပြည်သူလူထုကို အသိပေးချင်ပါတယ်" လို့ ပဒိုစောတောနီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ရေးအရ အောင်ပွဲနဲ့ ရင်ဆိုင်လာရတဲ့အခါမှာ အောင်ပွဲနဲ့ထပ်ကြပ်မကွာ လိုက်ပါလာတဲ့ကိစ္စက အုပ်ချုပ်ရေးဖြစ်ပြီး မြို့ရွာအသီးသီးကို တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်ဖို့အတွက် KNU အနေနဲ့ သေသေချာချာ ပြင်ဆင်ထားတယ်လို့ အသိပေးခဲ့တာပါ။

KNU ရဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးကနေ စွန့်ခွာပြီး စစ်တပ်ကိုအသွင်ကူး ပြောင်းကာ ရွေးကောက်ခံအရပ်သား ပြည်သူလူထုရဲ့ အုပ်ချုပ်မှုအောက်မှာ နေရမယ်ဆိုတာကို လက်ခံရမယ့်အချက်တွေအပါအဝင် အချက် ၄ ချက်နဲ့ KNU က စစ်ကောင်စီအပေါ် သတိပေးပြောကြားခဲ့ပါတယ်။

စစ်တပ်က မတော်မတရားကျူးလွန်ခဲ့တဲ့ အမှုကြီးအမှုငယ်တွေအားလုံးကို တာဝန်ခံတဲ့အနေနဲ့ အ သွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို လက်ခံရမှာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကမှ ဒီလိုကျူးလွန်ခဲ့တဲ့ဟာကို ကင်းလွတ်ခွင့်ပေးနိုင်တော့မှာ မဟုတ်ဘဲ ဒီအချက်က အရေးကြီးပြီး လက်ခံရမှာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုကျူးလွန်ခဲ့တဲ့သူတွေရဲ့ အသက်ရှင်ရပ်တည်ခွင့်နဲ့ မတော်မတရားရယူခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ပြည်သူအကျိုးအတွက် ဘယ်လိုစီမံခန့်ခွဲသွားမယ်ဆိုတာ ကျွန်တော် ဆက်လက်လုပ်ဆောင်သွားမယ့်အပိုင်းတွေ ရှိပါတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုအသစ်ကြီး တည်ဆောက်ပြီးဆိုပါက နိုင်ငံအတွက်တကယ်လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မလွဲမသွေရေးဆွဲရတော့မှာဖြစ်ပြီး ဒီလိုရေးဆွဲဖို့အတွက် စစ်အာ ဏာရှင်အနေနဲ့ လက်ခံရမှာဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာ စစ်အုပ်စုလုံးဝနာလန်မထူနိုင်ရေးနဲ့ စစ်ရေးဘက်မှာ ဒီထက်ပိုပြီး မလုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုအပေါ် အခုထက်ပိုမိုပြီး ပြင်းထန်တဲ့ အရေး ယူပိတ်ဆို့ပေးဖို့နဲ့ ပြည်သူလူထုနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဝိုင်းဝန်းကူညီပေးဖို့ KNU က တိုက်တွန်းထားပါတယ်။

အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်းအကြိမ် တစ်သောင်းကျော်အထိ ဖြစ်ပွားထားပြီး စစ်ရှောင်ပြည်သူ ၈ သိန်းကျော်အထိ ရှိလာတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က တော့ ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပူးတွဲကြေညာထားပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...