ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို နိုင်ငံရေး အနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့

ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို နိုင်ငံရေး အနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့

မောင်ကျော်စွာ (၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်) — မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၂၄ ခုနှစ်ဟာ ၁၉၄၉ ခုနှစ် ဇန်နဝါရီမှာ စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေး (၇၅)နှစ်မြောက် စိန်ရတုအခါသမယဖြစ်ပါတယ်။ ဤမျှရှည်လျားလှတဲ့ တော်လှန်ရေးခရီးစဉ်ကြီးထဲက အမှန်နဲ့အမှား၊ ကောင်းမွေ/ဆိုးမွေတွေထဲကနေ အတွေ့အကြုံသင်ခန်းစာတွေကို လေးလေးနက်နက်၊ မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ ထုတ်ယူ ကြခြင်းဖြင့် ကရင့်တော်လှန်ရေး စိန်ရတုအခါသမယကို နိုင်ငံရေးအနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြရမှာပါ။ ကရင့် တော်လှန်ရေးဆိုတာ ကရင်အာဇာနည်မြောက်များစွာရဲ့ အသက်တွေ၊ သွေးတွေ၊ ဘဝတွေနဲ့ရင်းပြီး ဆောင်ရွက်ခဲ့ကြရ တာပါ။

ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံသင်ခန်းစာတွေကို လေးလေးနက်နက်၊ မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ ထုတ်ယူကြ ဖို့ဆိုတာမှာ လက်ညှိုးထိုးအပြစ်ပုံချဖို့ မဟုတ်ဘဲ။ “ဘယ်လမ်းစဉ်က - ဘယ်လိုခေါင်းဆောင်မှုက - ဘယ်လိုခေါင်း ဆောင်က ကရင့်တော်လှန်ရေးကို ထွန်းကားစေခဲ့တဲ့ တိုးတက်လာစေခဲ့တယ်။

ဘယ်လမ်းစဉ်က - ဘယ်လိုခေါင်း ဆောင်မှုက - ဘယ်လိုခေါင်းဆောင်က ကရင့်တော်လှန်ရေးကို ထိခိုက်နစ်နာစေခဲ့တယ်” ဆိုတဲ့အချက်ကို ကြည်လင် ရှင်းလင်းစွာ မြင်နိုင်ကြပြီး အမှန်နဲ့အမှား - အောင်မြင်မှုနဲ့ အရေးနိမ့်မှု ဆိုတဲ့ ဘက် ၂ဖက်လုံးကနေ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို ထုတ်ယူကြဖို့ ဖြစ်ပါတယ်။ ကရင့်တော်လှန်ရေး (၇၅)နှစ်တာ ခရီးစဉ်ကြီးထဲမှာ မှန်ကန်အောင်မြင်ခဲ့ တဲ့ ကာလတွေရှိသလို မှားယွင်း အရေးနိမ့်ခဲ့တဲ့ကာလတွေ သဘာဝကျစွာပဲ ရှိနေတယ် မဟုတ်ပါလား။ ဒီလိုဖြစ်စဉ်တွေ ဟာ ကရင့်တော်လှန်ရေးမှာသာ ရှိနေတတ်တာမျိုး မဟုတ်ဘဲ ဘယ်လိုလူမှုတော်လှန်ရေး လှုပ်ရှားမှုမှာမဆို ရှိနေတတ် တဲ့ အချင်းအရာတွေပဲ ဖြစ်ပါတယ်။

ဒီတော့ (၇၅) ပြည့်မြောက်သွားတဲ့ ကရင့်တော်လှန်ရေးခရီးစဉ်ကြီးကို မျိုးဆက်သစ် လူမျိုးပေါင်းစုံလူငယ်များ က အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ထုတ်ယူကြဖို့ လိုအပ်ပါတယ်။ တာဝန်သိသူတိုင်းမှာ တာဝန်ရှိပါတယ်။ ကရင့် တော်လှန်ရေးတာဝန်ဟာ ကရင်လူငယ်တွေမှာပဲ ကွက်ပြီးတာဝန်ရှိတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အုပ်စိုးသူအဆက်ဆက်ကို ခုခံတော်လှန်နေတဲ့ ကရင့်တော်လှန်ရေးဟာ ဗမာပြည်မှာ မှီတင်းနေထိုင်ကြတဲ့ အခြားသော အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူများရဲ့ လှုပ်ရှားမှုနဲ့ ဘယ်လိုမှ ခွဲခြားမရဘဲ နီးနီးကပ်ကပ် ဆက်စပ်နေလို့ပါပဲ။

ကျနော့်အမြင်မှာတော့ ၇၅နှစ်တာ သမိုင်းခရီးလမ်းကြမ်းကို ဖြတ်သန်းခဲ့၊ ဖြတ်သန်းနေဆဲဖြစ်တဲ့ ကရင့်တော် လှန်ရေးကိုကြည့်တဲ့အခါ မွန် - ကရင်နီ - ရှမ်း - ကချင် - ချင်း - ရခိုင် အစရှိတဲ့ လူမျိုးစုများရဲ့ လက်နက်ကိုင် တော်လှန် ရေးများနဲ့ ဆက်စပ်နေသလို တစ်ပြည်လုံးအတိုင်းအတာ လက္ခဏာဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု တွေဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး၊ ဦးနု အမှူးပြုတဲ့ အင်အားစုများက ဗိုလ်နေ ဝင်း စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်တဲ့လှုပ်ရှားမှု၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီလူထု အုံကြွမှုကြီးကနေ တဆက်ထဲ ပေါ်ထွန်းလာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တပ်ဦး(ABSDF)၊ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့  အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)နဲ့ ယခုနောက်ဆုံး ၂၀၂၁ခုနှစ်ကနေ ပေါ်ထွက်လာတဲ့ (CRPH/NUG/PDF) အစရှိ တဲ့ နွေဦးခုခံ တွန်းလှန်စစ်တို့နဲ့လည်း ခွဲခြားမရဘဲ နီးနီးကပ်ကပ် ဆက်စပ်နေတာပါ။

ပအိုဝ်း၊ ကရင်နီ၊ ကယန်း၊ ရှမ်း၊ ချင်း၊ ရခိုင် စတဲ့ လူမျိုးစုတွေရဲ့ ကနဦးတော်လှန်ရေးတွေမှာ ကရင့်တော်လှန် ရေးက နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ဦးဆောင်မှုပေးခဲ့တာ အားပေးထောက်ခံခဲ့တာ၊  လက်နက်ခဲယမ်း၊ လေ့ကျင့်ရေး၊ ဆက်သွယ်ရေး၊ ဆေးဝါးကုသမှု စတဲ့ရုပ်ဝတ္ထုနဲ့ နည်းနာအကူအညီတွေ ပေးအပ်ခဲ့တာတွေဟာ မှတ်တမ်းတင်ထားရ မယ့် တော်လှန်ရေးဆိုင်ရာ ကောင်းမှုပြုချက်တွေပဲ ဖြစ်ပါတယ်။

ဘာကြောင့် ကရင့်တော်လှန်ရေးခရီးစဉ်ဟာ ရှည်ကြာနေရပါသလဲ။

ဒီမေးခွန်းအတွက် ယထာဘူတကျတဲ့အဖြေဟာ ကရင့်တော်လှန်ရေး ၇၅နှစ်တာ ဖြတ်သန်းမှုကာလကို စနစ် တကျ ဆန်းစစ်သုံးသပ်ကြည့်မှသာ တွေ့ရှိနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ပြဿနာနဲ့အဖြေမှန်ကို မိမိအ တွင်းပိုင်း၊ မိမိ လက်တွေ့ဖြတ်သန်းမှု၊ မိမိတို့ချမှတ်ကျင့်သုံးခဲ့တဲ့ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေနဲ့ ရရှိလာတဲ့ အခိုင်အမာ အကျိုးဆက်တွေအပေါ်ကနေပဲ ရှာဖွေရယူနိုင်ပါလိမ့်မယ်။

ပြင်ပအကြောင်းအချက်တွေဖြစ်တဲ့ လူမျိုးကြီးရန်သူရဲ့ နိုင်ငံရေး၊ စစ်ရေး ထိုးစစ်ဆင်မှု ဖြိုခွဲမှုလှည့်စားမှုတွေ ကြောင့်လို့ လက်ညှိုးထိုးနေလို့ မဖြစ်ပါဘူး။ ကိုယ်ခံအားမကောင်းတဲ့လူတစ်ယောက်အဖို့ ရောဂါပေါင်းစုံ ဝင်လာနိုင်ဖို့ အခြေအနေ ပိုများနိုင်ပါတယ်။ မိမိအဖွဲ့အစည်းရဲ့ နိုင်ငံရေးအတွေးအခေါ်၊ လမ်းစဉ်လုပ်ငန်းစဉ်၊ သွေးစည်းညီညွတ်မှု မှန်ကန်ခိုင်မာညီညွတ်နေတယ်ဆိုရင် ပြင်ပက ထိုးဖောက်မှုဆိုတာ ဘယ်လိုမှ အရာမရောက်နိုင်ပါဘူး။ မိမိအတွင်းကို ဖောက်ထွင်းဝင်ရောက်လာဖို့ဆိုတာ မလွယ်ကူပါဘူး။

ကရင့်တော်လှန်ရေး စတင်ကာစကာလက ယနေ့ကာလအထိ နှစ်ပေါင်း ၇၅နှစ်တာကာလအတွင်းမှာ လမ်းစဉ် ၃ရပ်ကို အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

ပထမလမ်းစဉ် (၁၉၄၉ ခုနှစ်ကနေ - ၁၉၅၃ ခုနှစ်အထိ)

ဒုတိယလမ်းစဉ် (၁၉၅၆ ခုနှစ် မောကိုကွန်ဂရက်ကနေ ၁၉၇၅ ခုနှစ် ဒူးဒါးဂေကွန်ဂရက်အထိ)

တတိယလမ်းစဉ် (၁၉၇၅ ခုနှစ်နောက်ပိုင်းကနေ ယနေ့မျက်မှောက်ကာလအထိ)

ယေဘုယျအားဖြင့် ပထမလမ်းစဉ်ဟာ ကရင်လူမျိုးတစ်မျိုးထဲကိုသာကွက်ပြီး အခြေခံတဲ့လမ်းစဉ်ဖြစ်ပြီး ဒုတိ ယလမ်းစဉ်ကတော့ အခြားသော ဖိနှိပ်ခံလူမျိုးပေါင်းစုံတော်လှန်ရေးများနဲ့ တန်းတူသွေးစည်းပြီး ဘုံရန်သူကို တိုက်ခိုက် ဖို့ ရန်/ငါ စည်းကြောင်း - မဟာမိတ်တပ်ပေါင်းစု စည်းကြောင်း စနစ်တကျ ခွဲခြားသတ်မှတ်နိုင်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။

တတိယလမ်းစဉ်ကတော့ အခြေခံအားဖြင့် ပထမလမ်းစဉ် အမျိုးအစားပါပဲ။ ကြုံတွေ့ရတဲ့ ခေတ်ကာလနဲ့ အခြေအနေကိုကြည့်ပြီး ချမှတ်ထားတဲ့ လမ်းစဉ်ပါပဲ။ စနစ်ကျမှု၊ ရန်/ငါ - မဟာမိတ်တပ်ပေါင်းစု စည်းကြောင်း (ဒုတိယ လမ်းစဉ်နဲ့ နှိုင်းယှဉ်ကြည့်လျှင်) မပြတ်သားဝေဝါးတဲ့ အနေအထားမျိုး ရှိပါတယ်။

၁၉၇၅ ခုနှစ်နောက်ပိုင်းမှာ တစ်စုံတရာ စုစည်းနိုင်ခဲ့တဲ့ ကရင့်တော်လှန်ရေးသွေးစည်းမှုဟာ မာနယ်ပလော လက်လွှတ်ရမှုနဲ့အတူ ဒူးရင်းသီး ကွဲအက်သလို အကွဲကွဲ အပြားပြား ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၉၉၅ခုနှစ် မာနယ် ပလောကျပြီး နောက်ပိုင်းကစလို့ ယနေ့ကာလအထိ အနေအထားဟာ ကရင့်တော်လှန်ရေးအတွက် ဖရိုဖရဲ အဖြစ်ဆုံး ကာလလို့ ဆိုရမှာပါ။

ကရင့်တော်လှန်ရေးအလံကို စတင် ဦးဆောင်ခဲ့ကြတဲ့၊ ဆက်လက် သယ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေး/စစ်ရေး အစဉ်အလာနဲ့ ဩဇာအာဏာကြီးမားတဲ့ နိုင်ငံရေး/စစ်ရေး ခေါင်းဆောင်တွေလည်း ကွယ်လွန်သွားကုန်ကြပါပြီ၊ (၁၇) ကြိမ်မြောက် KNU-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက် ရွေးချယ်တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်မှုအဖွဲ့ဟာ ၁၉၄၉ နဲ့ ၁၉၆၂နှစ် မျိုးဆက်တွေ အင်မတန် နည်းပါးသွားပြီး မျိုးဆက်သစ်တွေ အများအပြား ပါဝင်လာတာတွေ့ရမှာ ဖြစ်ပါ တယ်။

အထက်မှာတင်ပြခဲ့တဲ့ လမ်းစဉ် ၃ခုနဲ့ ထိုလမ်းစဉ် ၃ခု လက်တွေ့ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြတဲ့ သက် ဆိုင်ရာ ကာလတိုင်းမှာ “စောဘဦးကြီး မူ (၄)ချက်” ကို ဘယ်လိုအတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်ခဲ့ကြသ လဲ သို့တည်းမဟုတ် လွဲချော်သွေဖည်ခဲ့ကြသလဲဆိုတာ လေးလေးနက်နက် ဆန်းစစ်ကြည့်ကြဖို့ လိုအပ်မှာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် ဒီနေ့ခေတ်ကာလရဲ့ ထူးခြားမှုတွေနဲ့ စောဘဦးကြီး မူ (၄)ချက်ကို ဘယ်လိုအခြေအနေ၊ အချက်အ လက်တွေ ဖြည့်စွက်ပေါင်းစပ်ပြီး  တိုးချဲ့ကြမလဲ၊ ဆန်းသစ်ကြမလဲ ဆိုတာကိုလည်း ကရင့်တော်လှန်ရေး စိန်ရတုကာ လ အခါသမယမှာ မဖြစ်မနေ စဉ်းစားကြရမှာပါ။

စောဘဦးကြီး မူ (၄)ချက်

၁။ လက်နက်ချစကား အလျဉ်းမပြောရ။

၂။ ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည်။

၃။ ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်။

၄။ ကရင်ကံကြမ္မာ ကရင်ဖန်တီးရမည်။

စောဘဦးကြီး မူ (၄)ချက်ဆိုတာဟာ ကရင်တွေ သွေးစည်းညီညွတ်မှုရှိမှသာ အလျင်အမြန် အကောင်အထည် ဖော်နိုင်မှာဖြစ်သော်လည်း တကယ့်လက်တွေ့ဘဝတွင်မူ ကရင်တို့သည် “စောဘဦးကြီးမူ (၄)ချက်”ကို ကိုယ်စီ ရင်ဝယ် ပိုက်လျက် အဖုံဖုံ၊ အနည်းနည်း ကွဲပြားလျက်ရှိနေကြပါတယ်။

“ဘုံရန် - မဟာလူမျိုးကြီးစစ်ဝါဒီ - စစ်အုပ်စု”လို့ ပါးစပ်ကနေ နာနာကျည်းကျည်း ပြောဆိုခဲ့ကြပါတယ်။ တကယ့်လက်တွေ့ဘဝတွင်မူ ထို “ဘုံရန် - မဟာလူမျိုးကြီးစစ်ဝါဒီ - စစ်အုပ်စု” အဆက်ဆက်နဲ့ စေ့စပ်ဆွေးနွေး အပေး အယူလုပ်ကာ - နားလည်မှုယူနိုင်ကြသော်လည်း မိမိတို့ကရင်အချင်းချင်းမှာတော့ သွေးထွက်သံယိုဖြစ်သည်အထိ ထိုးနှက်တိုက်ခိုက်နေကြသည်ကတော့ အင်မတန် ကြေကွဲစရာနဲ့ လေးလေးနက်နက် ဆင်ခြင်စဉ်းစားစရာ ဖြစ်ပါတယ်။

အရေးအကြီးဆုံးအချက်တွေထဲကမှ ပထမဆုံးအချက်ကတော့ (၇၅)နှစ်တာ ကရင့်တော်လှန်ရေး ခရီးကြမ်း ကြီးထဲမှာ အသက်နဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီး စွန့်လွှတ်သွားကြတဲ့ ကရင်အာဇာနည် သူရဲကောင်းတွေရဲ့ ကျေးဇူးသစ္စာကို လေးလေးနက်နက် အောက်မေ့သတိရကြပြီး လေးစားရိုသေ စောင့်သိကြဖို့ပါပဲ။

ရန်သူထံအညံ့ခံလိုတဲ့၊ ကိုယ်ကျိုးစီးပွားကိုသာ တစ်ဖက်သတ်ကြည့်တဲ့ မိမိလူမျိုးမှ မိမိလူမျိုးသာဆိုတဲ့ ကျဉ်း မြောင်းတဲ့ အမြင်၊ သဘောထားနဲ့ လက်တွေ့လုပ်ရပ်တွေဟာ ကရင့်တော်လှန်ရေးနဲ့ ဘယ်လိုမှ မအပ်စပ်၊ မဆီလျော်တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။ အဲဒီလို “အမြင်၊ သဘောထားနဲ့ လက်တွေ့လုပ်ရပ်တွေ”ကို သန့်ရှင်းကင်းစင်အောင်လုပ်ရေး ဟာ ကရင့်တော်လှန်ရေး အောင်မြင်ရေးမှာ အရေးပါတဲ့ လုပ်ငန်းတစ်ခုပါပဲ။

ဒါကြောင့် မကြာခင်ရောက်ရှိလာတော့ ကရင့်တော်လှန်ရေး (၇၅)နှစ်ပြည့် စိန်ရတုအခါသမယကို နိုင်ငံရေး အနှစ်သာရရှိရှိ အထိမ်းအမှတ်ပြုကြပါစို့လို့ အားလုံးကို လေးစားစွာ ပန်ကြား တိုက်တွန်းလိုက်ပါတယ်။

Most read this week

May 10, 2024
မြဝတီမြို့ ကို ဦးတည်ထိုးနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်‌ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့...
May 9, 2024
မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ...
May 8, 2024
ဖားအံမြို့ရှိ စစ်ကောင်စီဝန်ထမ်းများကို ဌာနဆိုင်ရာ အကြီးအကဲများက ကြိုတင်အသိပေးခြင်းမရှိဘဲ...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့်...