မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုကြောင့် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အခက်ကြုံ

မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုကြောင့် စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ အခက်ကြုံ

ကရင်နီပြည်မှာ  ‘၁၁.၁၁ စစ်ဆင်ရေး’ စတင်ပြီးနောက်  လွိုင်ကော်မြို့အပါအဝင် ပြည်နယ်အတွင်းက  ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားတာကြောင့်၊ အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးတဲ့အဖွဲ့တွေအနေနဲ့ အခက်အခဲ ပိုရှိလာတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

“စစ်ဘေးရှောင်ကို ကူညီတဲ့ အဖွဲ့အစည်းတော်တော်များများက အင်တာနက်နဲ့ အလုပ်လုပ်တယ်။ အလှူရှင်နဲ့ ချိတ်ဆက်တယ်။ ပုံတွေ ပို့ပေးရတယ်။ မှတ်တမ်းတွေ ပို့ပေးရတယ်။ စစ်ဘေးရှောင်အခြေအနေတွေ တင်ပြရတယ်။ ချိတ်ဆက်ပြီး‌တော့ သွားနေရတဲ့ အခြေအနေမျိုးဖြစ်တယ်ပေါ့‌နော်။ ဆိုတော့ လိုင်းပျက်တော့ တော်တော်များများက ခုနကပြောတဲ့ ချိတ်ဆက်ပိုင်းတွေ၊ ခုနကပြောတဲ့ အလှူရှင်က ပိုပြီးတော့ အားနည်းလာတယ်ပေါ့နော်။ ကူညီတဲ့အပိုင်းတွေ မကူညီနိုင်တဲ့ အခြေအနေဖြစ်တယ်” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် အဖွဲ့ဝင်တဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ နေရာတော်တော်များများမှာ မရရှိတော့တာကြောင့် အလှူရှင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် လိုင်းရရှိတဲ့နေရာတွေမှာ အချိန်ပေးပြီး သွားရောက်ရတယ်လို့ ဆိုပါတယ်။

နဂိုရှိနှင့်ပြီးသား စစ်ဘေးရှောင်တွေအတွက် ရိက္ခာလိုအပ်မှုက ရှိနေဆဲဖြစ်တဲ့အပြင်၊ ‘၁၁.၁၁ စစ်ဆင်ရေး’ စတင်ပြီးနောက်ပိုင်း ထပ်တိုးလာတဲ့စစ်ရှောင်တွေအတွက်လည်း အကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့ သိရပါတယ်။

“ဖုန်းလိုင်း ပျက်ကုန်တော့ အချိတ်အဆက်မရကြဘူးလေ။ အချင်းချင်း ဆက်သွယ်မရလို့ ခက်ခဲသွားတာထက် အလှူရှင်တွေနဲ့ ဆက်သွယ်မရလို့ ပိုဆိုးတာ။ မြေပြင်မှာ ဘာပဲလိုအပ်လိုအပ် အင်တာနက်ကနေတဆင့်ပဲ ပြည်ပရောက်အလှူရှင်တွေကို ဆက်သွယ်ရတာလေ” လို့  News Light In Karenni စစ်ရှောင်ကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

ကရင်နီပြည်မှာ ‘၁၁.၁၁ စစ်ဆင်ရေး’ မစတင်ခင်မှာ စစ်ဘေးရှောင်ဦးရေ  ၂ သိန်းခွဲကျော်ရှိနေပြီး၊ စစ်ဆင်ရေးစတင်ချိန်မှာ ထပ်မံတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ၅ သောင်း ဝန်းကျင်တိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

စစ်ရှောင်အများစုဟာ အလှူရှင်တွေရဲ့ ပံ့ပိုးမှုကိုသာ မှီခိုနေကြရတာကြောင့် စစ်ဘေးရှောင်ဦးရေတွေတိုးလာတဲ့အပြင် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုက စစ်ဘေးရှောင်ကူညီသူတွေအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။

July 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့်...
July 14, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း (ခေါ်) ဒုက္ခသည်စခန်း အမှတ်...
July 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းရှိ မိသားစုများ၏...
July 10, 2026
၃ နှစ်ကျော်ကြာ ရပ်နားထားသည့် လွိုင်ကော် - ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲတော့မည်ဟု...