မတူပီတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ခိုက်ခံရသောကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

မတူပီတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ခိုက်ခံရသောကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်စပ်ရှိ မတူပီမြို့နယ်ထဲက ဝေးလူကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိထားသူ များပြားကြောင်း CDF – Daai မှ တာဝန်ရှိသူများက ပြောသည်။

“ရွာလယ်ကောင်ကို ကွက်တိကျတဲ့အခါကြတော့ ပြည်သူလူထုက အထိအခိုက်သေဆုံးမှုတွေ အများကြီးရှိသွားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သွားစစ်ဆေးနေတာရှိတယ်။ လက်ရှိသတင်းရထားတာက ပြည်သူလူထု ၁၃ ယောက် သေတယ်လို့ ပြောတယ်။ ဒဏ်ရာ ရတဲ့ အပိုင်းတွေက အတိအကျ မသိရသေးဘူး။ ကလေးတွေနဲ့ အမျိုးသမီးတွေလည်း သေဆုံးတာပါတယ်” ဟု CDF – Daai တပ်ရင်းမှူး လေပြေက ပြောသည်။

နိုဝင်ဘာလ ၁၅ ရက် ယမန်နေ့ည ၇ နာရီတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဝေးလူကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ၁၀ ဦးထက်မနည်းရှိနေကာ အရပ်သားနေအိမ်အများအပြားလည်း ပျက်စီးသွားသည်ဟု သိရသည်။

သေဆုံးသူများထဲတွင် မိသားစုတစ်ခုမှာ ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အားလုံးနီးပါး သေဆုံးသွားသည်။

ကနေဦးတွင် သေဆုံးသူ ၁၃ ဦးအထိရှိနေပြီး သေဆုံးသူ ၂ ဦးမှာ ရခိုင်တပ်တော် (AA) တပ်ဖွဲ့မှဖြစ်သည်ဟု သတင်းတွေ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း CDF Daai တာဝန်ရှိသူများက ပြောသည်။

“မနေ့က လေယာဉ်တစ်စီးနဲ့ တလှည့်စီ လာကြဲသွားတာပါ။ ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့လူလည်း များတဲ့အတွက်ကြောင့် သေဆုံးတဲ့စာရင်းလည်း တိုးလာနိုင်တယ်လို့ သိရတယ်။ ဆေးရုံ ဆေးခန်းသွားဖို့တောင် အခက်အခဲဖြစ်နေတယ်” ဟု CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုင်ဘတ်စ်က ပြောသည်။

ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်အတွင်းတည်ရှိသော ဝေးလူကျေးရွာသည် CDF - မတူပီ ထိန်းချုပ်ထားသော ကျေးရွာဖြစ်သည်။

အိမ်ခြေ ၆၀ နီးပါးရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့် ရွာဖြစ်ကာ လူဦးရေမှာ အတန်အသင့် အနေများသည်ဟု သိရသည်။

ဝေးလူကျေးရွာ တည်ရှိသော ဒေသမှာ လက်နက်ကိုင်များ သွားလာလှုပ်ရှားကြပြီး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ထောက်ပို့လမ်းကြောင်းအတွက် မဟာဗျူဟာကျသည့် ကျေးရွားများဖြစ်သည်။

ရခိုင်တပ်တော် (AA) ၏ ထောက်ပို့လမ်းကြောင်းအဖြစ်လည်း အသုံးပြုသကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း အသုံးပြုသော ဒေသဖြစ်သည်ဟု သိရသည်။

သို့သော် ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားများသာတည်ရှိနေသော ဝေးလူကျေးရွာကို မည်သည့်အတွက်ကြောင့် ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်ဟု ဆလိုင်းအိုင်ဘတ်စ်က ပြောသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...