စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

စစ်ကောင်စီတပ်က မင်းတပ်မှာ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်သည် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၄ ရက်က  မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ အမျိုးသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသမီးကို ပြန်လွှတ်ပေးသည်ဟု CDF မင်းတပ်က နိုဝင်ဘာလ ၂ ရက် ယနေ့မှာ ထုတ်ပြန်လာခြင်းဖြစ်သည်။

သေဆုံးသွားသော အရပ်သားသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကျောင်းများမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး မြို့အနီး သွားချိန်တွင် အဖမ်းခံရခြင်းဖြစ်သည်ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

CDF – မင်းတပ်ထံ ထပ်မံအတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။

“ခုရက်ပိုင်းအရပ်သားတွေကို အကြောင်းမဲ့ဖမ်းတာတွေ၊ လူသားဒိုင်းအဖြစ် ရှေ့ကသွားခိုင်းပြီး လုပ်တာတွေက ပြည်သူကို အလေး ထားရင် (စကစ) တကယ်ကိုမလုပ်သင့်တာပါ။ ပြည်သူတွေအနေနဲ့လည်း အသွားအလာအပြောအဆို ဆင်ခြင်စေချင် ပါတယ်” ဟု မင်းတပ်မြို့ခံ HKL Mindat က ပြောသည်။

အောက်တိုဘာလ ၁၅ ရက်က မင်းတပ်မြို့၊ ၄ မိုင်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော အသက် ၂၉ နှစ်ရွယ် အမျိုးသားကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့တွင်းက အရှေ့ပြင်မှာလည်း အောက်တိုဘာလ ၂၅ ရက်ညက စစ်ကောင်စီနှင့် CDF မင်းတပ်တို့ ထိတွေ့ တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု CDF မင်းတပ်က ထုတ်ပြန်သည်။

မင်းတပ်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းသည် အောက်တိုဘာလအတွင်း တိုက်နယ် ၂၊၃၊၄ ဘက်ကကျေးရွာများ၊ ၆ မိုင်နှင့် မင်းတပ်- မတူပီ လမ်းပေါ်များဆီသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၂၃ ကြိမ် ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် ၆ လုံး၊ ဆိုင်ကယ် (၂) စီး ထိခိုက်ပျက်စီးခဲ့သည်၊ အိမ်မွေးတိရစ္ဆာန် (၅) ကောင်သေဆုံးခဲ့သည်ဟု သိရသည်။

“ရပ်ရွာတွေမှာ အစည်းဝေးလုပ်ပြီဆို ပစ်တယ်၊၊ ကာကွယ်ရေးအဖွဲ့တွေ အသွားအလာများတဲ့ နေရာဖက်တွေ ရမ်းသမ်းပစ်တယ်။ စကစ က သတင်းတစ်ခုခုကြားရင် အမြဲပစ်တတ်သောကြောင့် စကားပြောဆိုတာ ဆင်ချင်ကြဖို့၊ ရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေ မသိအောင်သွားလာကြဖို့၊ အဲ့တာဆိုသူတို့ရဲ့သတင်းပေးတွေမသိရင် အပစ်ခံရဖို့ မရှိပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီသည် ချင်းအမျိုးသမီး ၃၈ ဦးအပါအဝင် အရပ်သား ၂၁၇ ဦးကို သတ်ဖြတ်ကျူးလွန်ခဲ့ပြီး ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာသည်ကို စောင့်ကြည့် လေ့လာမှုများအရ တွေ့ရှိရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA က အောက်တိုဘာလထဲ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...