စစ်ကောင်စီ ရှာဖွေစစ်ဆေးမှုကြောင့် ရခိုင်က အရပ်ဖက်အဖွဲ့တချို့ တိမ်းရှောင်နေကြရ

စစ်ကောင်စီ ရှာဖွေစစ်ဆေးမှုကြောင့် ရခိုင်က အရပ်ဖက်အဖွဲ့တချို့ တိမ်းရှောင်နေကြရ

ရခိုင်ပြည်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော နိုင်ငံတကာအဖွဲ့များအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများကို စစ်ကောင်စီက ရှာဖွေစုံစမ်း စစ်ဆေးနေခြင်းကြောင့် အရပ်ဖက်အဖွဲ့တချို့မှာ တိမ်းရှောင်နေကြကြောင်း သိရသည်။  

စစ်ကောင်စီက မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ရုံးအတွင်းသို့ ဝင်ရောက်စစ်ဆေးမှုများ ရှိနေသဖြင့် မတရားစွပ်စွဲခံရမည်ကို စိုးရိမ်၍ တိမ်းရှောင်နေရခြင်းဟု အရပ်ဖက်အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “အခုနောက်ပိုင်းမှာက အရင်ထက် တင်းကြပ်မှုတွေ ရှိနေတယ်။ အဖွဲ့လိုင်စင်ရှိရင်လည်း စစ်ဆေးတယ်။ မရှိရင်လည်း စစ်ဆေးတယ်။ သူတို့(စစ်ကောင်စီ)က ‘တရားမဝင်ဘူး’လို့ တစ်ချက်ပြောလိုက်တာနဲ့ အဲဒါက အပြစ်ဖြစ်သွားနိုင်တယ်။ ဒီအနေထားမှာ တော်တော်လေးကို သတိထားနေရတယ်” ဟု ပြောသည်။

NGO/ INGO နှင့် အရပ်ဖက်အဖွဲ့များကို စစ်ကောင်စီက ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက NGO/INGO နှင့် အရပ်ဖက်အဖွဲ့များ ရုံးစိုက်ရာသို့ ရောက်ရှိလာပြီး မေးမြန်းစုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။  

“ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ဆိုးလာတယ်။ ဘယ်အချိန်ထိ ဒီလိုဖြစ်နေမလဲ ဆိုတာတော့ ပြောလို့မရသေးပါဘူး။ စစ်ကောင်စီက အခုလို လုပ်နေသရွေ့တော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့လာမှာပါ” ဟု စစ်တွေမြို့ရှိ NGO အဖွဲ့တစ်ခုမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများကို စစ်ကောင်စီက အခွန်စစ်ဆေးခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်များကို ဝင်ရောက်စစ်ဆေးခြင်းနှင့် ခေါ်ယူမေးမြန်းခြင်းများ လုပ်ဆောင်ကာ နည်းမျိုးစုံဖြင့် နှောင့်ယှက်နေကြောင်း ဆိုသည်။  

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်အရေးအပါအဝင် လူမှုကူညီရေးကိစ္စရပ်များတွင် တက်ကြွစွာ ကူညီဆောင်ရွက်နေကြသည့် လူမှုကူညီရေးသမားများအား စစ်ကောင်စီက သံသယဖြင့် စောင့်ကြည့်ခြင်း၊ ဖမ်းဆီးတရားစွဲဆိုခြင်းများ ရှိနေသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်နေကြခြင်း ဖြစ်သည်။

မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီကတော့ ကိုယ်ကိုတိုင်လည်း လုပ်မပေးဘူး။ လုပ်ပေးနေတဲ့သူတွေကိုလည်း နှောင့်ယှက်တယ်။ ပြောရရင်တော့ မစားတဲ့အမဲ သဲနဲ့ပက်သလိုပဲ။ နောက်တစ်ခုက သူတို့ ဒါကို အခြေခံပြီး ဆင်ခြေတပ်ပြီး လုပ်ချင်သလို လုပ်လာနိုင်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေရင်လည်း ဖမ်းဆီးခံရမယ့် အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။  

စစ်ကောင်စီက စစ်ဆေးမှုများတင်းကြပ်နေခြင်း၏ နောက်ဆက်တွဲအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ အခက်အခဲဖြစ်သွားနိုင်ပြီး အကူအညီ လိုအပ်နေသူများအတွက် ထိခိုက်မှုများ ရှိလာနိုင်သည်။  

ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်သည့်အတွက် NGO၊ INGO အပါအဝင် အရပ်ဖက်အဖွဲ့အစည်း တစ်ဖွဲ့ချင်းအလိုက် မဖြစ်မနေ မှတ်ပုံတင်ရမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။

သို့သော်လည်း အရပ်ဖက်အဖွဲ့များမှာ မှတ်ပုံတင်လျှောက်ထားခြင်း ကြာမြင့်နေပြီဖြစ်သော်လည်း ခွင့်ပြုချက်ရရှိရန် ကြန့်ကြာနေသဖြင့် ခရီးသွားလာမှု၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...