ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်စမ်းသပ်ပစ်ခတ်မှု ဆက်လုပ်မည်

ရခိုင်တွင် စစ်ကောင်စီတပ်က လက်နက်စမ်းသပ်ပစ်ခတ်မှု ဆက်လုပ်မည်
၂၀၁၉ ခုနှစ်အတွင်းက စစ်ကောင်စီတပ်မှ စစ်ရေးလေ့ကျင့်မှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - cincds။
၂၀၁၉ ခုနှစ်အတွင်းက စစ်ကောင်စီတပ်မှ စစ်ရေးလေ့ကျင့်မှုတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - cincds။

ရခိုင်တွင် ယခုလပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်သည် ယခုလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လက်နက်စမ်းသပ်ပစ်ခတ် သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက အောက်တိုဘာ ၂၇ ရက် (နံနက် ၆ နာရီမှ ည ၆ နာရီ) အတွင်း လက်နက်စမ်းသပ်ပစ်ခတ်သွားမည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အသိပေးထားသည်။

လက်နက်စမ်းသပ်ပစ်ခတ် လေ့ကျင့်မည်ဖြစ်၍ အနီးဝန်းကျင်ရှိ ဒေသခံများအနေဖြင့် တောတောင်သို့ မသွားကြ ရန် အောက်တိုဘာလ ၂၅ ရက်နေ့တွင် မြို့နယ်ထွေ/အုပ်ရုံးတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ခေါ်ယူအသိပေး ခဲ့သည်။

“လက်နက်ပစ်ခတ်လေ့ကျင်ဖို့ ရှိတဲ့အတွက် ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင်အတွက်ဆိုပြီး အသိပေး ထားတာဖြစ်တယ်။ လက်နက်ကြီးလို့ မပြောဘူး၊ လက်နက်ပစ်ခတ်လေ့ကျင့်မယ်လို့ပဲ ပြောတယ်။ ဘာလို့ ပစ် မယ်ဆိုတာတော့ မပြောခဲ့ဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖေဝင်းက ပြောသည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီက လက်နက်ပစ်ခတ်လေ့ကျင့်မည်ဆိုသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။

“အရင်ကလည်း ရွာမှာ လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးကြတာတွေရှိတယ်။ ဒါကြောင့် လက်နက် ပစ်ခတ်မယ် ကြားတော့ တော်တော်လည်း စိုးရိမ်မှုတွေရှိနေကြတယ်။ ဘယ်ကို ပစ်မယ်ဆိုတာ မသိတော့ လူတွေ ပိုစိုးရိမ်နေ ကြတယ်။ ကလေးတွေကို တောတောင်တွေကိုမသွားကြဖို့ သတိပေးနေကြရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်းက လက်နက်ကြီး ကျရောက်မှုကြောင့် ဒီပါရုံကျေးရွာမှ ဒေသခံ ၂ ဦး သေဆုံးကာ အိုင်ဒင်ကျေးရွာနှင့် ငှက်ကြီးကျွန်းကျေးရွာမှ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ကြသည်။

ရခိုင်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး အောက် တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် မင်းပြားမြို့နယ် တိုင်းဗဟို (၉) မှ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှု ၂ ရက်ဆက်တိုက် ပြုလုပ်ခဲ့သည်။

အောက်တိုဘာ လဆန်းပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ သရဂူကျေးရွာဘက်ရှိ စစ်ကောင်စီ တပ်စခန်းနှင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှုများ ပြု လုပ်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည့် ယခုကာလတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ် စေသည့် လုပ်ရပ်များကိုလျော့ချပြီး ယုံကြည်မှုကို တည်ဆောက်သင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆို ကြသည်။

“လက်ရှိမှာ အပစ်အခတ်ရပ်စဲထားမှုက တစ်ကြောင်း၊ နောက် ပြည်သူတွေကလည်း တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ် မှုရှိကြတာက တစ်ကြောင်း ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်စိတ် မြင့်တက်မှုမဖြစ်ရအောင် ဒီကာလမှာ စစ်ရေး လေ့ကျင့်မှုတွေကို တက်နိုင့်သမျှလျော့ချသင့်တယ်” ဟု ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

လက်နက်စမ်းသပ် ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၆ ရက်နေ့ မှစ၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...