ဆရာ၊ ဆရာမ မရှိ၍ မင်းပြားမြို့နယ်၊ ရွှေစည်ကုန်း မူလတန်းကျောင်းကို ၅ လကြာအထိ ပိတ်ထားရ

ဆရာ၊ ဆရာမ မရှိ၍ မင်းပြားမြို့နယ်၊ ရွှေစည်ကုန်း မူလတန်းကျောင်းကို ၅ လကြာအထိ ပိတ်ထားရ

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အဝကျေးရွာအုပ်စု၊ ရွှေစည်ကုန်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စာသင်ကြားမည့် ဆရာ၊ ဆရာမ မရှိ၍ ကျောင်းကိုပိတ်ထားရသည်မှာ ၅ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းသည် အစိုးရက တရားဝင်ချပေးထားသော စာသင်ကျောင်းဖြစ်သော်လည်း ယခုနှစ် ကျောင်းဖွင့်ရာသီ ဇွန်လမှစ၍ ဆရာ၊ ဆရာမတစ်ဦးမှ ကျောင်းသို့ရောက်ရှိလာခြင်း မရှိခဲ့ကြောင်း ၎င်း ကျေးရွာသားများက ပြောသည်။

“အခု ဆရာ/မတွေမရှိလို့ ကလေးတွေ စာမသင်ရတော့ဘူး။ ဒီခေတ်မှာ ပညာတတ်မှ လူရာဝင်တာ။ အဲဒါကြောင့် ရွာမှာ ဆရာမတွေ အမြန်ဆုံးချပေးစေချင်တယ်” ဟု ရွှေစည်ကုန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်သန်းတင်စိန်က ပြောသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းတွင် ယခင်က ကျောင်းအုပ်ဆရာကြီး တစ်ဦးနှင့် ဆရာမတစ်ဦးတို့ တာဝန်ကျခဲ့ သည်။ သို့သော် ကျောင်းအုပ်ဆရာကြီးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းက သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ဆရာမမှာလည်း အပြောင်းအရွှေ့ပါသဖြင့် အခြားနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ရွှေစည်ကုန်းမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ မရှိသဖြင့် ကျောင်းကို ပိတ် ထားရသည်မှာ ၅ လခန့် ကြာမြင့်လာနေပြီဖြစ်ကာ ကျောင်းသားများအတွက် ပညာရေးထိခိုက်နေရသည်ဟု ကျေးရွသားများက ပြောသည်။

ရွှေစည်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေသိန်းက “ကလေးတွေ ပညာမသင်ရဘဲ နေရတာက အရမ်း နစ်နာတယ်။ ပုံမှန်ဆိုရင် ကျောင်းတက်ရတာ နှစ်ထက်ဝက်ကိုရောက်နေပြီ။ အခုက ကျောင်းမတက်ရတော့ ကလေးတွေမှာ စာတွေလည်း အရမ်းနောက်ကျနေပြီ” ဟု ပြောသည်။

ရွှေစည်ကုန်း မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၀ ကျော်ရှိသည်။ လက်ရှိတွင် ကျေးရွာ ရှိ စာသင်ကျောင်းကိုပိတ်ထားသဖြင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦးမှာ ပတ်ဝန်းကျင်ကျေးရွာများတွင် ကျောင်း တက်ရောက်နေကြသော်လည်း အခြားကျောင်းသားများမှာ ငွေကြေးမတက်နိုင်၍ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေ သည်။

“ကျောင်းရှိပေမဲ့ ဆရာမတွေ မရှိတော့ ကလေးတွေစာမသင်ရဘူး။ တချို့ ပိုက်ဆံတတ်နိုင်သူတွေမှာတော့ နီးစပ်ရာကျောင်းတွေမှာ ထားကြတယ်။ ငွေကြေး မတတ်နိုင်သူတွေမှာတော့ ကျောင်းမထားကြရဘူး” ဟု ရွှေစည်ကုန်းကျေးရွာမှ ဦးတင်မောင်က ပြောသည်။

ရွှေစည်ကုန်းကျေးရွာတွင် ကျောင်းဆရာ၊ ဆရာမ မရှိ၍ စာသင်ကျောင်း ပိတ်ထားရခြင်းနှင့်ပတ်သက်ပြီး မင်း ပြားမြို့နယ်၊ ပညာရေးမှူး ဦးစံသိန်းထွန်းကို DMG မှ မေးမြန်းရာတွင် “ကျနော်က အခု ရန်ကုန်ကို သင်တန်း တစ်ခု တက်ဖို့ ရောက်နေတယ်။ ရုံးကို ဆက်သွယ်မှရမယ်။ အဲ့ဒီမှာ ဒု-မြို့နယ်ပညာရေးမှူးတွေ ရှိတယ်။ အဲ့ဒီကို ဆက် သွယ်ပြီး မေးကြည့်ပါ” ဟု ပြောသည်။

မင်းပြားမြို့နယ်၊ ဒု-မြို့နယ်ပညာရေးမှူးနှင့် အဆက်အသွယ်ရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း လတ်တလောတွင် အဆင်မပြေသေးပေ။

ရွှေစည်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၁ ဆောင်နှင့် လူဦးရေ ၁၀၀ ခန့်ရှိသည်။ မင်းပြားမြို့မှ မင်းရွာသို့ ကားဖြင့် ၁၀ မိနစ်ခန့်သွားပြီး ယင်းမှတစ်ဆင့် ရွေစည်ကုန်းကျေးရွာသို့ စက်လှေဖြင့် ၈ မိနစ်ခန့်သွားရသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...