ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် တီဘီရောဂါဖြစ်ပွားမှု မြင့်တက်လာနေ

ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် တီဘီရောဂါဖြစ်ပွားမှု မြင့်တက်လာနေ

ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် တီဘီကူးစက်ရောဂါဖြစ်ပွားမှု များလာနေသဖြင့် ဆေးကုသရန် လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

DMG မေးမြန်းချက်အရ စစ်တွေမြို့မှ ဗုဒ္ခေါမော်စစ်ဘေးရှောင်စခန်း၊ မေယုဒါနစက္ခု ပရဟိတကျောင်း၊ ဝိပဇ္ဇဝါ ဒီ၊ ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလား၊ ကဝိရတနာ၊ ဝါးတောင်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် မြောက်ဦးမြို့နယ်ရှိ တိမ်ညို၊ ပီပင်ရင်း၊ မြို့ဦးခေါင်း စသည့်စစ်ဘေးရှောင်စခန်းများတွင် လက်ရှိ တီဘီရောဂါ ခံစားနေရသူ အယောက် ၃၀ ဦးထက်မနည်းရှိနေပြီး သေဆုံးသူ ၂ ဦးရှိပြီ ဖြစ်သည်။

“ဒီမှာဆိုရင် တီဘီဖြစ်လို့ တစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ သူတို့က စခန်းမှာနေရင်း စိတ်ဖိစီးမှုများလာရင်း ဆေးလိပ်သောက်ကြတယ်။ ချောင်းဆိုးတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်ကို စားဖို့အတွက်လည်း ပိုက်ဆံက မရှိဘူး။ ဆိုတော့ ကိုယ်ခံအားကျဆင်းတယ်။ ရောဂါအမျိုးမျိုး ဝင်တာပေါ့” ဟု စစ်တွေမြို့၊ မေယုဒါန စက္ခု ပရဟိတ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်တင်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု နည်းပါးခြင်းနှင့်အတူ စားဝတ်နေရေး ကျပ်တည်းလာမှု၊ အလုပ်အကိုင် ရှားပါးမှု၊ ငွေကြေးအဆင်မပြေမှုတို့ကြောင့် စိတ်ဖိစီးမှုများ ဖြေဖျောက်ရန် ဆေးလိပ်သောက်ကြရာမှ ယခုကဲ့သို့ တီဘီရောဂါစွဲကပ်လာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက သုံးသပ်ပြောဆိုကြသည်။

ရခိုင်က နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် သူနာပြုဆရာမတစ်ဦးက “စစ်ဘေးရှောင်စခန်းမှာ နေသူတွေကတော့ တီဘီရောဂါလို့ မဟုတ်ဘူး။ အကုန်လုံး ဖြစ်ကြတာပဲ။ သက်ကြီးပိုင်းတွေလည်း ရောဂါမျိုးစုံ ဖြစ်ကြတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုလည်းနည်းတော့ အခက်အခဲရှိကြပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် တီဘီနှင့် နာတာရှည်ရောဂါ ခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ပုံမှန်ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲရှိနေကြောင်း စခန်းတာဝန်ရှိသူက ပြော သည်။

“မိန်းမကြီးတွေဖြစ်တာက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဆီးချိုဖြစ်ကြ၊ သွေးတိုးဖြစ်ကြတယ်။ တချို့ဆို ရင် လိပ်ခေါင်းရောဂါလည်း ဖြစ်ကြပါတယ်။ အမြဲတမ်း ဆေးသောက်လိုက်၊ ဆေးထိုးလိုက် နေရတယ်။ ဒီလိုကုန် ဈေးနှုန်းမြင့်မား၊ ထောက်ပံ့မှု ပုံမှန်မရှိတဲ့အခြေနေမှာ ပုံမှန် ဆေးမသောက်နိုင်သူတွေလည်း ရှိပါတယ်” ဟု စခန်းတာဝန်ခံ ဒေါ်မအေးခင်က ပြောသည်။

တီဘီရောဂါပျောက်ကင်းစေသည့် ဆေးများကို အခမဲ့ဖြန့်ဝေပေးနေသည့်နေရာများ ရှိသော်လည်း သွားရောက် ယူဆောင်ရန် လမ်းစရိတ်ကြီးမြင့်မှုကြောင့် ငွေကြေးအခက်အခဲရှိနေသဖြင့် ပုံမှန်မသွားရောက်နိုင်ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

တီဘီရောဂါသည် ကိုယ်ခံအားနည်းသောလူများတွင် အဖြစ်များလေ့ရှိပြီး ကူးစက်သည့်ရောဂါဖြစ်ကာ အသက် သေဆုံးနိုင်သည်။

ရောဂါလက္ခာဏာအဖြစ် ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးပြန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ခန္ဓာကိုယ်ပိန်ခြင်း၊ မောပန်းအားနည်းခြင်းတို့ ဖြစ်ကြသည်။

တီဘီရောဂါမကူးစက်စေရန် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းအောင် နေရမည်၊ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေမည့် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံကို လိုက်နာရမည်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ရ မည်၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ များများစားရမည်၊ စိတ်ဖိစီးမှု လျှော့ချရမည်ဖြစ်ကြောင်း ကျန်းမာရေး ပညာရှင်များက အသိပေးထားသည်။

တီဘီရောဂါပိုးသည် အလင်းရောင် လင်းလင်းရှင်းရှင်းရှိပြီး လေကောင်းလေ့သန့်ရသည့် နေရာများတွင် နေလေ့ မရှိသဖြင့် အဆိုပါနေရာများတွင် တတ်နိုင်သမျှ နေထိုင်သင့်ပြီး ကိုယ်ခံစွမ်းအားစနစ် ကျစေသည့် ဆေးလိပ်၊ အရက်၊ ကွမ်း၊ မူးယစ်ဆေးသုံးစွဲမှုများကို ရှောင်ကြဉ်ပါက တီဘီရောဂါကူးစက်နိုင်ခြေ အလွန်နည်းသည်။

“ကျမ သမက်က အစတုန်းကတော့ ရိုးရိုးတီဘီဖြစ်တာပါ။ နောက်ပိုင်းမှ အရိုးကို တီဘီပိုးဝင်သွားလို့ အမြဲတမ်း ဆေးထိုး၊ ဆေးသောက်ရတယ်။ အခုက ဆေးရုံတက်နေရတာဆိုတော့ တစ်လမှာ ပိုက်ဆံ ၃ သိန်းကျော်ဖိုး ကုန်တယ်။ တခါတလေဆိုရင် ဆေး ၅ လုံး ထိုးရမှာကို ၂ လုံးပဲထိုးနိုင်တဲ့ အခြေနေတွေလည်းရှိပါတယ်” ဟု စစ်တွေမြို့၊ ဗုဒ္ဓေါမော်စစ်ဘေးရှောင်စခန်းမှ ဒေါ်မစောခိုင်က ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူများမှာ နှစ်ကာလရှည်ကြာလာ သည့်နှင့်အမျှ စားဝတ်နေရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးအပြင် ကျန်းမာရေးဒဏ်ကိုလည်း ဆိုးရွားစွာ ကြုံ တွေ့လာနေကြရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ တိုက်ပွဲရပ်တန့် နေသည်မှာ ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း စစ်ဘေးရှောင် ၆ သောင်းနီးပါးမှာ အခက်ခဲအမျိုးမျိုး ကြောင့် နေရပ်မပြန်နိုင်သေးဘဲ ရှိနေကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...