သံဖြူဇရပ်တွင် အမျိုးသားသုံးဦးဖမ်းဆီး အမှုဖွင့်ခံရ

သံဖြူဇရပ်တွင် အမျိုးသားသုံးဦးဖမ်းဆီး အမှုဖွင့်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် အမျိုးသားသုံးဦး ဖမ်းဆီးခံရပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခံထားရကြောင်း မြို့ခံများက ပြောသည်။

ဖမ်းဆီးခံရသူများသည် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးတွင် “ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး” ဆိုင် ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်နှင့် အလုပ်သမား နှစ်ဦးတို့ဖြစ်သည်။

“ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်” ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုဟိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုညီညီလွင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုညီညီထွေးတို့ကို လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံ ရေး လှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်တို့က စက်တင်ဘာ ၂၀ ရက် နေ့ ည ၈ နာရီအချိန်ခန့်က ဆိုင်တွင် လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဆိုသည်။

“သူတို့ကို ဖေ့ဘွတ်ပေါ်မှာ နိုင်ငံရေးလှုံ့ဆော်တဲ့ ပို့စ်တွေ‌ ရေးတင်တာ၊ ရှဲတာလုပ်လို့ဆိုပြီး ဖမ်းတာလို့တော့ ပြောတယ်။ အခု ၅၀၅ နဲ့ အမှုဖွင့်ထားတယ်” ဟု နီးစပ်သည့် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းပြုပြင်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦးတို့ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားသည်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်မှာတော့ ကိုအောင်ကိုဟိန်း၊ ကိုညီညီလွင်နှင့် ကိုညီညီထွေးတို့ကို စစ်ဆေးမှုအရ ၎င်းတို့ထံ လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေထားသည့် သက်သေအထောက်အထားများ တွေ့ရှိရကြောင်း ရေးသားထားသည်။

သံဖြူဇရပ်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူမှုကွန်ယက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော် စာ ရေးသားဖြန့်ဝေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ဆက်စပ်ခြင်း၊ PDF များကို ငွေကြေး ထောက် ပံ့ခြင်းဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးမှု  ဆက်တိုက် ပြုလုပ်လာခဲ့သည်။

ဖမ်းဆီးခံရသူများအနက် အချို့တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့နှင့် ထောင်ဒဏ်တစ်သက် အပြင် သေဒဏ်ထိချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူလျက် ရှိ သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ မွန် ပြည်နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီး ၂၀၀ ကျော် ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်သည်။

Most read this week

December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...