၈ လအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မွတ်ဆလင် ရာနှင့်ချီ မောင်တောခရိုင်တွင် ဖမ်းဆီးခံရ

၈ လအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မွတ်ဆလင် ရာနှင့်ချီ မောင်တောခရိုင်တွင် ဖမ်းဆီးခံရ

၂၀၁၇ ခုနှစ်က ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များထဲမှ ယခုနှစ် ၈ လတာအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင် ၁၀၀ ဦးကို ဖမ်းဆီးခဲ့သည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင်များအား ဖမ်းဆီးရရှိမှုစာရင်းကို ပြည်နယ် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ “ရခိုင်နေ့စဉ်” မှ အစဉ်တစိုက် ဖော်ပြလျက်ရှိသည်။ “ရခိုင်နေ့ စဉ်” မှ ဖော်ပြချက်များကို စုစည်းမှုအရ ၈ လတာအတွင်း မွတ်ဆလင် ၁၀၀ ဦးခန့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံမွတ်ဆလင်များထဲတွင် အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၂၁ ဦးပါဝင်သည်။ မောင်တော မြို့နယ်မှ ၉၂ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၈ ဦးတို့ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀ ဦးကျော် ပါဝင်သည်။

မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် အရေးအခင်းဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းသို့ ရောက်ရှိသွား ကြသည့် မွတ်ဆလင်များမှာ စခန်းတွင်း စားဝတ်နေရေးအဆင်မပြေမှုများကြောင့် နယ်စပ်ဖြတ်ကျော်၍ ဝင် ရောက်လာချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ သူတို့နေတာကလည်း ၆ နှစ် ကျော်သွားပြီ။ ဆိုတော့ အဲဒီမှာနေရတာလည်း အလုပ်အကိုင် ရှာပါးတဲ့အပြင် ငတ်မွတ်ပြီး၊ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာကို ငြီးငွေ့လာကြလို့ ကိုယ့် ဇာတိမြေကို ပြန်လာကြတာဖြစ်တယ်” ဟု ဘာသာပြန်စာရေးဆရာ (မွတ်ဆလင်) ဦးခင်အောင်က ပြောသည်။

၂၀၁၇ ခုနှစ်က ARSA က မောင်တောဒေသရှိ ရဲကင်းစခန်း ၃၀ ကျော်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရ ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး မောင်တောခရိုင်အတွင်းသို့ ဝင်ရောက်လာသည့် မွတ်ဆလင်များကို လူဝင်မှု ကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃-၁၊ ၁၃-၅ တို့ဖြင့် တရားစွဲဆိုကာ သက်ဆိုင်ရာမြို့နယ်တရားရုံးတို့မှ ထောင်ဒဏ် အသီးသီး ချမှတ်ခြင်းများရှိသည်။

ဘူးသီးတောင်မြို့မှ အမည်မဖော်လိုသည့် မွတ်ဆလင်အမျိုးသားတစ်ဦးက “တရားမဝင် ဝင်ရောက်လာလို့ ဖမ်းမိထားတာတွေကို လဝကဥပဒေအရ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျတာတွေရှိတယ်။ အသက် မပြည့်သေးတဲ့ ကလေးတွေကိုတော့ ကျေးရွာရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ အာမခံချက်ယူပြီး ပြန်လွှတ် ပေးထားတာရှိတယ်။ တရားမဝင် ဝင်လာတဲ့သူတွေထဲမှာ မဖမ်းမိတဲ့သူတွေကျတော့ လွတ်သွားကြတာရှိတယ်” ဟု ပြောသည်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မွတ်ဆလင်များ ဖမ်းဆီးရမိအခြေအနေနှင့်ပတ်သက်ပြီး သိရှိ နိုင်ရန် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေ ကြားခြင်း မရှိပေ။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များ မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ ရှိ နေခြင်းမှာ နယ်စပ်လုံခြုံရေးအားနည်းချက်ကြောင့်ဟု ရှုမြင်မှုများရှိသည်။

“မွတ်ဆလင်တွေ နယ်စပ်ခြံစည်းရိုးကျော်ပြီး တရားမဝင် ဝင်ရောက်မှုများလာတာက နယ်စပ်လုံခြုံရေး အား နည်းချက်ရဲ့ သဘောကို ဖော်ပြနေတာဖြစ်တယ်။ တရားမဝင် ဝင်ရောက်မှု နည်းပါးစေဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးရမိသူတွေကို လာဘ်ပေးလာဘ်ယူကင်းပြီး တရားဥပဒေအတိုင်း ဆောင်ရွက်စေလို တယ်” ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

တစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လည်လက်ခံနိုင်ရေးအတွက် စစ်ကောင်စီက ကြိုးပမ်း နေပြီး ဟိန္ဒူနှင့် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ကနဦးလက်ခံရန် စီစဉ်ထားကြောင်း ပြောဆိုထား သည်။

ပြီးခဲ့သည့် မေလ ၅ ရက်က စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် မွတ်ဆ လင်ဒုက္ခသည် ၂၀ ဦး ပါဝင်သောအဖွဲ့သည် မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် ပြန်လည်လက်ခံရေးစခန်းများကို လေ့လာကြည့်ရှုခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ပြည်တွင်းတွင် မငြိမ်သက်မှုများဖြစ်ပွားနေခြင်း၊ နိုင်ငံရေးအခြေအနေ များ ရှုပ်ထွေးနေခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်များ ပြန်လည်ဝင်ရောက်ရန် စိုးရိမ်မှု များရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

ပုံစာ - မောင်တောမြို့နယ်၊ ဂေါ်ဒူသာရချောင်းဝနှင့် မှိဝင်ချောင်းဝကြားတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မွတ်ဆလင်များအား ဖမ်းဆီးထားသည်ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင့်နေ့စဉ်

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...