NGO၊ INGO များကို မဖြစ်မနေ မှတ်ပုံတင်ရန် စစ်ကောင်စီ အသိပေး

NGO၊ INGO များကို မဖြစ်မနေ မှတ်ပုံတင်ရန် စစ်ကောင်စီ အသိပေး
စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NGO၊ INGO များ မှတ်ပုံတင်ခြင်း လုပ်ငန်း စဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားအားတွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း
စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NGO၊ INGO များ မှတ်ပုံတင်ခြင်း လုပ်ငန်း စဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားအားတွေ့ရစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့များကို မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NGO၊ INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျေးလက်ဒေသတွေ၊ နယ်စပ်ဒေသတွေ၊ ဝေးလံခေါင်သီတဲ့ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသင်းအဖွဲ့တွေရဲ့အားကို ရယူရပါတယ်။ အသင်းအဖွဲ့တွေကလည်း ဥပဒေနဲ့အညီ အကူအညီ ပေးနိုင်ဖို့အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့သည်။

အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက NGO၊ INGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များ အတွက် ထောက်ပံ့မှုများ မဖြစ်စေရန်နှင့် NGO၊ INGO များအနေဖြင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မှတ်ပုံတင်လျှောက်ရာတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာ၏ ထောက်ခံများရယူရန် လိုအပ်သည်ဟုလည်း ဆို သည်။ NGO၊ INGO များကို မဖြစ်မနေ မှတ်ပုံလျှောက်ရန် စစ်ကောင်စီက ညွန်ကြားခြင်းမှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို၍ အခက်ကြုံနိုင်ကြောင်း ရှုမြင်ကြသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO အဖွဲ့များနှင့် အခြားသော လူမှုရေး ကူညီရေးအဖွဲ့များမှာ စစ်ကောင်စီထံ မှတ်ပုံတင်ရာ၌ အချိန်ကြန့်ကြာမှုများရှိသည့်အတွက် အခက်အခဲ ဖြစ်ရ သည်ဟု ပြောဆိုကြသည်။

“သူတို့(စစ်ကောင်စီ)ဆီမှာ မှတ်ပုံတင်ရင် ဘယ်အချိန်ကျမယ်ဆိုတာ မသိဘူး။ ကျမ အဖွဲ့ဆိုရင် မှတ်ပုံတင်ဖို့ ကြိုး စားနေတာ ၂ နှစ်လောက်ရှိပြီ။ နောက်ပြီး သူတို့ဆီမှာ မှတ်ပုံတင်လိုက်ရင် ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ သွားခွင့်မပြုတာတွေရှိတယ်။ မှတ်ပုံတင်ရှိရင်လည်း TA (ခွင့်ပြုချက်) ရဖို့အတွက် စောင့်ရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေ ရှိတယ်” ဟု စစ်တွေမြို့အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO များနှင့် အရပ်ဖက် အဖွဲ့အစည်းများမှာ စစ်ဆေးရေးဂိတ်အချို့တွင် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားလာရေး ခွင့်ပြုချက် မရသဖြင့် ရပ်တန့်နေရသည့် အခြေအနေများရှိနေကြသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ ၁၅ သိန်းကျော်ခန့် နစ်နာထိခိုက်ခဲ့ရသည်။ လက်ရှိတွင် မုန်တိုင်းအလွန် ၄ လကျော် ကြာမြင့်လာပြီ ဖြစ် သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရရှိသေးသည့် မုန်တိုင်းသင့်ဒေသများရှိကြောင်း ဆိုသည်။

ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်းသန်းမောင်က “ကျနော်တို့ရွာကိုတော့ WFP က ဆန်တစ်ခါ ထောက်ပံ့တာရှိတယ်။ ကျန်တဲ့ NGO၊ INGO အဖွဲ့အစည်းတွေက မရောက်ဘူး။ ကျနော်တို့ သိရ တာက ခွင့်ပြုချက်မရလို့ မလာရဘူးလို့ပြောသံကြားတယ်။ NGO၊ INGO အဖွဲ့တွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးစေချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံအတွင်းရှိ NGO ၊ INGO အဖွဲ့အစည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...