အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်းက ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရ ပြီး တရားရင်ဆိုင်နေရသူများထဲမှ စစ်တွေနှင့် အမ်းမြို့နယ်တို့မှ ဒေသခံ ၃ ဦးကို ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ တရားရုံးများမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်သည်။

စက်တင်ဘာ ၁၃ ရက်နေ့က ရခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကောက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့် ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁ ဖြင့် အမ်းမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေကပြောသည်။

ဦးအောင်တင်မြင့်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အမ်းမြို့သို့သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့နယ်မှ ဒေသခံနှစ်ဦးကို နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူ နှစ်ဦးမှာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ (ဆတ်ရိုးကျ) ကျေးရွာမှ ဦးဘသိန်းနှင့် သက္ကယ် ပြင် မွတ်ဆလင်ကျေးရွာမှ ဦးဆော်လိမ် (ခေါ်) မောင်မောင်ခင်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးမှာ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက နေအိမ် အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သက္ကယ်ပြင်ကျေးရွာတာဝန်ခံ ဦးလှမြင့်က “ဆော်လိမ်ကို စစ်တွေမြို့နယ်တရားရုံးမှာ ထောင်ဒဏ် ၂ နှစ် ချမှတ် လိုက်တယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းထားတာက ၁ နှစ်ကျော်လောက်ရှိပြီ” ဟု ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်၍ လူသားချင်း စာနာထောက် ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲခဲ့သည်မှာ ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သည်။

အပစ်ရပ်ကာလအတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ပြီဟု အမ်းမြို့ခံ တစ်ဦးက ပြောသည်။

“အပစ်အခတ်ကို ရေရှည်ရပ်တည်မယ်ဆိုရင် AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ မတရားဖမ်းဆီး ခံထားရတဲ့ ဒေသခံတွေကို လွှတ်ပေးသင့်တယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို အမှန်တကယ် လိုလားတယ်ဆိုရင် ဒီလူတွေ အကုန်လုံးကို လွှတ်ပေးသင့်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) (၂)တို့ဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ဒေသခံ ၆၀ ကျော် လွတ်မြောက်လာခဲ့သည်။

DMG က ကောက်ယူထားသည့် စာရင်းအရ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) (၂)၊ နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က)တို့ဖြင့် ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် တရားရင် ဆိုင်နေရသူ ၁၂၈ ဦးထိ ကျန်ရှိနေသေးသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...