အာဏာသိမ်းပြီးနောက် လူငယ်များ စိတ်ထွက်ပေါက်ဖြစ်လာသည့် ဟိုင်းခန်းများ

အာဏာသိမ်းပြီးနောက် လူငယ်များ စိတ်ထွက်ပေါက်ဖြစ်လာသည့် ဟိုင်းခန်းများ

မီးရောင်စုံ ပြိုးပြိုးပျက်ပျက် ဖြစ်နေသည့် အခန်းတစ်ခန်းအတွင်းသို့ ကိုသူရကျော်တစ်ယောက် ဝင်ရောက်ခဲ့ သည်။

သီချင်းသံတွေ ဆူညံနေပြီး KTV အခန်းပုံစံအခန်းတစ်ခု ဖြစ်သော်လည်း ကိုသူရကျော်နှင့် သူ့သူငယ်ချင်းတို့ အုပ်စုက သီချင်းဆိုရန် လာရောက်ခြင်းတော့ မဟုတ်။

“မြင်ကွင်းကတော့ သာမာန် KTV ပဲ။ အပြင်ပိုင်း ကြည့်ရင်တော့ သွားရတာတော့လွယ်တယ်” ဟု ကိုသူရကျော်က ပြောသည်။

အသက် ၂၃ နှစ်အရွယ် ကိုသူရကျော်တို့ သွားရောက်သည့်နေရာသည် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် လူကြီးလူငယ်များအကြား ခေတ်စားနေသည့် ဟိုင်းခန်း (လူအများအခေါ်) ဆိုသည့် နေရာဖြစ်သည်။

ဟိုင်းခန်းမှာ KTV အခန်းပုံစံများဖြစ်ပြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ပေးထားကာ လူငယ်များအကြား ဟိုင်းခန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားနေသည်။

အခန်းတွင်း ရောက်သည်နှင့် တပြိုင်နက် မြူးကြွသည့် သီချင်းများကို ဖွင့်ထားပြီး လေးထောင့်ပုံစံ စားပွဲခုံပေါ် တွင် ဆေးသုံးရန် ကိုသူရကျော်တို့ စတင်ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

“သာမာန်ကြည့်ရင် KTV အတိုင်းပဲ။ အခန်းထဲရောက်မှ ဆေးတွေသုံးကြတာ” လို့ ကိုသူရကျော်က ရှင်းပြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ နာမည်ကြီး ကလပ်၊ ဘား များနှင့် KTV များ EDM ပွဲများ တွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာသုံးစွဲခွင့် ရရှိနေပြီး ဟိုင်းခန်းများမှာလည်း နေ့စဉ်လိုလို ရှိနေကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

လက်ရှိ ရန်ကုန်တွင် ဟိုင်းခန်းများအတွက် စျေးနှုန်းအမျိုးမျိုးရှိပြီး တစ်နာရီ ကျပ်ခြောက်သောင်းကနေ သိန်းရာဂဏန်းထိ (မနက်အထိ) အောင် ပေးရသည့် အခန်းများပင်ရှိကြောင်း သိရသည်။

ဟိုင်းခန်းများတွင် စျေးအမျိုးအစား စုံစုံလင်လင်ရရှိပြီး လက်ရှိခေတ်စားနေသည့် K၊ E၊ Happy water၊ ရွှေ၊ ဂျယ်လီ၊ E စတဲ့ စိတ်ကြွဆေးကို တစ်လုံး လေးသောင်းနှင့် K တစ်ထုပ်လျှင် ကျပ်ခြောက်သောင်း ဈေးပေါက် သည်ဟု ဆိုသည်။

“ဆေးတွေကတော့ စုံနေတာပဲ။ တချို့နေရာကတော့ သူတို့တောင်းသလောက် ပေးရင်ရတယ်” ဟု ကိုသူရကျော် က သူကြုံတွေ့ခဲ့ရသည့် အခြေအနေကို ပြောပြသည်။

လက်ရှိ ဟိုင်းခန်းအပြင် ရန်ကုန်တိုင်းတွင် Party Drug အဖြစ် လူသိများသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ပိုမို ကျယ်ပြန့်လာကြောင်း ရန်ကုန်တိုင်းရှိ လူငယ်များက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းရှိ နာမည်ကြီး Club နှင့် Bar များတွင် Party Drug ကို လွယ်ကူ စွာရရှိနေသလို သုံးစွဲသည့်လူငယ်များ ပိုမိုများပြားလာကာ အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် လူငယ်များပါ သုံးစွဲ နေသည်ကို တွေ့ရှိရကြောင်း ကိုယ်တိုင်သွားရောက်ခဲ့သည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ဒုတိယနှစ် CDM ကျောင်းသား ကိုဇေယျာက ပြောသည်။

“စိတ်ကြွဆေးပုံစံ အဲ့ဒါတွေသောက်ပြီး ကကြတာ။ ပွဲထဲဝင်တဲ့အချိန်တော့ လုံခြုံရေးက စစ်တာရှိပေ့မဲ့ ဆေးတွေ ကတော့ အထဲမှာ သုံးလို့ရတယ် ပြီးရင် ကကြတာပေါ့” ဟု ကိုဇေယျာက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းမြင့်တက်ခြင်း အလုပ်အကိုင်ရှားပါးခြင်းနှင့် အထွေထွေ အကျပ် အတည်းများ ဖြစ်ပေါ်လာပြီးနောက် လူငယ်အများစုမှာ စိတ်ထွက်ပေါက်အဖြစ် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို လုပ်ဆောင်လာကြသည်။

မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်လုပ်ငန်းများအား ဖမ်းဆီးအရေးယူမှုများ နည်းပါးနေခြင်းသည် လက်ရှိတော်လှန်ရေး အခြေအနေလောက် စစ်ကောင်စီအတွက် ဖိအားမများခြင်းကြောင့် လွှတ်ပေးထားခြင်း ဖြစ်ကြောင်း ရန်ကုန် တိုင်းတွင် အကြမ်းမဖက် လူထုလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် OCTOPUS ရေဘဝဲ (ပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်း) ဥက္ကဋ္ဌက ပြောသည်။

“မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဒုစရိုက်မှုနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ စီးပွားရေးလုပ်ငန်းရှင်တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ဝါးချင်ရိုက်ထားတဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့စီးပွားရေး ဒေါက်တိုင် ဖြစ်တဲ့ အတွက်ကြောင့် သူတို့အနေနဲ့ လွှတ်ထားရခြင်းဖြစ်တယ်” ဟု အထက်ပါ OCTOPUS ဥက္ကဋ္ဌ က ထောက် ပြ ပြောဆိုသည်။

ယခင်က ရန်ကုန်ရှိ Club၊ Bar နှင့် EDM DJ ပွဲများတွင် WY စသည့် မူးယစ်ဆေးဝါးများ ရရှိရန်ခက်ခဲသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် လွယ်ကူစွာ ရရှိသုံးစွဲနိုင်နေသလို အသက်မပြည့်သေးသည့် ၁၄ နှစ် ၁၅ နှစ် အရွယ် လူငယ်များပါ သုံးစွဲနေကြောင်း ကိုယ်တိုင်သွားရောက်ခဲ့ဖူးသည့် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၃၀အရွယ် ကိုနိုင်နိုင်(အမည်လွှဲ) က ပြောသည်။

Party Drug များကို သုံးစွဲခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် ရေဓာတ်ခမ်းခြောက်ခြင်း၊ အမြင်အာရုံ ဝေဝါးခြင်း၊ ဝေဖန်စဥ်းစား ချင့်ချိန်နိုင်စွမ်း လျော့နည်းခြင်း၊ လက်တွေ့လောကနှင့် ကင်းကွာလာခြင်း၊ ထင်ယောင် ထင်မှား ဖြစ်လာခြင်း၊ နှလုံးနှင့် ကျောက်ကပ် ပျက်စီးခြင်း၊ ကြွက်သားတုန့်ပြန့်မှု လွန်ကဲခြင်း၊ ခန္ဓာကိုယ်တွင်း အပူချိန်လွန်ကဲခြင်း၊ ဦးနှောက် သွေးယိုစီးခြင်း၊ သတိလစ်ခြင်း၊ 𝐂𝐨𝐦𝐚 ၀င်ခြင်းအပြင် အသက်သေဆုံး သည် အထိ ဖြစ်ပွားစေနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ရာဇ၀တ်မှု၊ အကြမ်းဖက်မှုတွေကိုပါ ကျူးလွန်စေနိုင်ကြောင်း Top Centre Myanmar ကလည်း သြဂုတ် ၁၆ ရက်နေ့က အသိပေးထုတ်ပြန်ထားသေးသည်။

ဘေးထွက်ဆိုးကျိုးများ ရှိနေသော်လည်း လွယ်ကူစွာသုံးခွင့်ရနေသည့် မူးယစ်ဆေးဝါးကို လူငယ်များက စိတ်ထွက်ပေါက်တစ်ခုအဖြစ် သုံးစွဲမှုများလာခြင်းလည်း ဖြစ်သည်။

အထွေထွေ အကျပ်အတည်းများနှင့် စိတ်မွန်းကျပ်မှုများကြောင့် လူငယ်များမှာ စိတ်ထွက်ပေါက်အဖြစ် ပျော် စရာများ ရှာဖွေနေချိန် ရန်ကုန်တွင် လက်လှမ်းမီ အလွယ်တကူ သုံးနိုင်နေနိုင်သည့် မူးယစ်ဆေးဝါး အောက်ကို ကျဆင်းလာရခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးအရ ရန်ကုန်တိုင်းကို ထိန်းချုပ်နိုင်ရန် မူးယစ်ဆေးဝါး နှင့် လောင်းကစားများကို ရည်ရွယ်ချက်ချက်ရှိရှိ စစ်ကောင်စီမှ ထိန်းချုပ်ခြင်းမလုပ်ဆောင်သည့်အချက်ကလည်း လူငယ်များအတွက် မူးယစ်ဆေးဝါး၏ သား ကောင်ဖြစ်စေရန် လွယ်ကူနေသည့်အချက်လည်း ဖြစ်နေသည်။

“လာဖမ်းရင်တော့ လိုက်သွားပေါ့။ တချို့ အကောင်(အာဏာရှိသည့် လူကြီး) ထဲက သားသမီးတွေ ဆိုရင်တော့ လွယ်တာပေါ့။ တချို့ကြတော့လည်း ဒဏ်ရိုက်ပြီးပြန်လွှတ်တယ်” ဟု ကိုသူရကျော်က ပြောသည်။

ဓါတ်ပုံ- ရန်ကုန်မြို့တွင်းက ဟိုင်းခန်းတစ်နေရာ

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...