ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅)ဖေ့စ်ဘုတ် စာမျက်နှာအတုဖြင့် အလှူငွေလိမ်လည်ကောက်ခံ

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၅)ဖေ့စ်ဘုတ် စာမျက်နှာအတုဖြင့် အလှူငွေလိမ်လည်ကောက်ခံ

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ (၅) “Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့ဘုတ်စာမျက်နှာသည် အခြားကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား၏ဓာတ်ပုံဖြင့် အလှုငွေ လိမ်လည်ကောက်ခံလျက် ရှိသည်။

“Bago Region PDF တပ်ခွဲ 5” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတခုတွင် ကျားဖြူစစ်ကြောင်းမှ ဒဏ်ရာရ ရဲဘော်ပုံများဖြင့် အလှူငွေကောက်ခံနေသည်။ ထိုစာမျက်နှာသည် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ကြိုက်နှစ်သက်သူ ၁,၇၀၀ ကျော်နှင့် စောင့်ကြည့်သူ ၁,၈၀၀ ကျော်ရှိသည်။

ထိုစာမျက်နှာတွင် စက်တင်ဘာ ၆ ရက်နေ့၌ “အရေးပေါ် ရဲဘော်လေးအတွက် ဆေးဖိုးလေးလိုအပ်နေလို့ ပါ တတ်နိုင်သလောက် လှူပေးကြပါအုံးခင်ဗျာ။ အလှူရှင်များ ဘဏ်နံပါတ်လာတောင်းပေးပါခင်ဗျာ” ဟု ဆိုကာ ဒဏ်ရာရ ရဲဘော်တဦး၏ဓါတ်ပုံငါးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၂၅၃ ဦးရှိပြီး ပြန် လည်မျှဝေမှု ၁၁၆ ခုရှိသည်။

မဇ္ဈိမက အဆိုပါအကြောင်းအရာအားစစ်ဆေးခဲ့ရာတွင် ဒဏ်ရာရရဲဘော်မှာ ပဲခူးတိုင်းမှ မဟုတ်သကဲ့သို့ ထိုစာမျက်နှာသည်လည်း စာမျက်နှာအတုဖြစ်ကြောင်း တွေ့ရသည်။

“Bago Region PDF တပ်ခွဲ 5” စာမျက်နှာ၌ဖော်ပြထားသည့်  ဒဏ်ရာရရဲဘော်၏ပုံသည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသည့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှရဲဘော်ကောင်းကောင်း မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြီးခဲ့သည့် မေလက ဒဏ်ရာရခဲ့သည့်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

အဆိုပါဓါတ်ပုံကို ရဲဘော်ကောင်းကောင်းက ၎င်း၏လူမှုကွန်ရက်တွင် ဇွန်လ ၂၉ ရက်နေ့က တင်ထားသည်။

လင့် -  t.ly/yvZlD

မဇ္ဈိမအနေဖြင့် ကာယကံရှင် ရဲဘော်ကောင်းကောင်းကို မေးမြန်းခဲ့ရာတွင်လည်း ၎င်းသည် ပဲခူး PDF မှ မဟုတ် ဘဲ ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် မေလဆန်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၌ မတော် တဆမှုတခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် ဒဏ်ရာအကြောင်းပြကာ အလှုခံခြင်း မရှိ ကြောင်း ပြောသည်။

“ကျွန်တော် ရေးမှာ (ဒဏ်ရာ)ရခဲ့တာပါဗျ။ ဘယ်မီဒီယာမှ မတင်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် မှာပဲ တင်တာပါ။ ဆေးရုံဆင်းမှတင်ဖြစ်တာပါဗျ။ ပုံပြပြီးအလှူလည်းမခံပါဘူး” ဟု ရဲဘော်ကောင်းကောင်း က မဇ္ဈိမ ကို ပြောသည်။

ထို့ပြင် “Bago Region PDF တပ်ခွဲ 5” ဟူသော စာမျက်နှာသည် တရားဝင်စာမျက်နှာမဟုတ်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၃၈၀၂) တာဝန်ရှိသူတို့မှ မဇ္ဈိမကို အတည်ပြုပြောကြားထားသည်။

“ကျွန်တော်တို့က Bago Region PDF ဆိုတာ ပဲခူးတိုင်းထဲက လှုပ်ရှားနေတဲ့အဖွဲ့တွေကို ဒီ region ထဲကပါလို့ ပြောတဲ့သဘောပါ။ ဒါပေမယ့် Bago Region PDF ဆိုပြီး တပ်ရင်းနာမည်မျိုးတော့မဟုတ်ဘူး။ တပ်ရင်းတွေက တပ်ရင်းနံပတ်ဘယ်လောက် တပ်ခွဲဘယ်လောက်ဆိုတာမျိုးပေါ့နော်။ ဒီ Page အတုပေါ် လာတော့ ဒိုက်ဦးဘက် ကလို့ ကြားတဲ့အတွက် ဒိုက်ဦးဘက်ကအဖွဲ့တွေကိုလည်း မေးကြည့်ပြီးပါပြီ၊ မဟုတ်ပါဘူး။ ဒါက အတုပါ” ဟု  သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂) တာဝန်ရှိသူကပြောသည်။

ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် တောင်ငူခရိုင်၌  PDF တပ်ရင်း (၃၅၀၁)၊ (၃၅၀၂) ၊ ပဲခူးခရိုင် တွင် PDF တပ်ရင်း (၃၇၀၁)၊  (၃၇၀၂)၊  ပြည်ခရိုင်တွင်  PDF တပ်ရင်း (၃၆၀၁)၊ (၃၆၀၂) နှင့် သာယာဝတီ ခရိုင်တွင် PDF တပ်ရင်း (၃၈၀၁)၊ (၃၈၀၂)ဆိုသော တပ်ရင်းရှစ်ရင်းဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ထိုအထဲတွင် Bago Region PDF တပ်ခွဲ (၅) ဟူသော တပ်ရင်းအမည် မရှိကြောင်း ပဲခူးတိုင်းကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။

အလားတူ ယင်း “Bago Region PDF တပ်ခွဲ 5” စာမျက်နှာသည် ပြည်သူများအား လိမ်လည်အလှူခံနေသည့် စာ မျက်နှာအတု ဖြစ်ကြောင်း NUG-MOD လက်အောက်ခံ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဇူလိုင် လ ၅ ရက်နေ့တွင် ဖော်ပြထားသည်။

လင့် - t.ly/M2bQS

ထို့ကြောင့် “Bago Region PDF တပ်ခွဲ 5” ဟူသော ဖေ့စ်ဘုတ်စာမျက်နှာသည် မြေပြင်တွင် အမှန် တကယ်မရှိ ဘဲ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်၏ ပုံများဖြင့် အလှူငွေလိမ်လည် ကောက်ခံနေသည့် စာမျက်နှာ အတုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါး များ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်း နိုင်ပါသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...