ဒုက္ခသည်စခန်းနေ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေးမှုများ လိုအပ်နေ

ဒုက္ခသည်စခန်းနေ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေးမှုများ လိုအပ်နေ

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော အမျိုးသမီးများ အတွက်  ထိရောက်သော မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးသင်တန်းများ လိုအပ်နေသည်။

ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများမှာ ကျန်းမာရေးဗဟုသုတ အားနည်းခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်အပါအဝင် မိန်းမကိုယ်နှင့် ဆက်စပ်သောရောဂါများ အဖြစ်များနေသည်ဟု ကျန်းမာရေးအသိပညာ‌ပေး လုပ်ဆောင်နေသူများက ပြောသည်။

IDPs Camp များတွင် ကျန်းမာရေးအသိပညာပေးမှု လုပ်ဆောင်နေသော သူနာပြုဆရာမတစ်ဦးက “မျိုးဆက်ပွား ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ထိရောက်မှု မရှိသေးဘူး။ ဆိုလိုတာက လိုက်နာသူ ဘက်က လိုသလို၊ ပေးတဲ့သူတွေဘက်ကလည်း ထိရောက်တဲ့အချက်ကိုပဲ ပေးဖို့လိုပါတယ်။ ကျန်းမာရေးအသိ အားနည်းတာဟာ နောက်ဆက်တွဲ ဆိုးကျိုးအများကြီး  ဖြစ်ပါတယ်” ဟု ပြောသည်။

လတ်တလောတွင် IDPs Camp များ၌ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကျန်းမာရေး အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများမှာ ကျန်းမာရေးအသိပညာနည်းပါး၍ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းများကို တွေ့နေရသည်ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

သက္ကယ်ပြင်စခန်းနေ ဒေါ်အနုဝါရရ်က “ကိုယ်ဝန်ဖျက်ချတဲ့ သူတွေလည်းရှိတယ်။ အရင်လက တစ်ယောက် တောင် ဖြစ်သွားပါသေးတယ်။ ကိုယ်ဝန်ဖျက်ချလိုက်ရင် နောက်ဆက်တွဲ ဘာတွေကြုံရမလဲဆိုတာ သူတို့မသိကြ ဘူး။ အဓိကတော့ အမျိုးသမီးကျန်းမာ‌ရေးနဲ့ပတ်သက်ပြီး ဗဟုသုတအားနည်းတာပါ” ဟု ပြောသည်။

ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေနေများမှာ သွေးခဲများ ဖြစ်ပေါ်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ရောဂါပိုးဝင်နိုင်ခြင်း၊ သားအိမ်ကင်ဆာများဖြစ်နိုင်ခြင်း၊ သားအိမ်ပြင်ပ၌ သ‌န္ဓတည်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်ပြီး အသက်သေဆုံးနိုင်ကြောင်း ကျန်းမာရေး အသိပညာပေး စာစောင်များတွင် ဖော်ထား သည်။

IDPs စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ နေရာထိုင်ခင်းကျဉ်းကျပ်ခြင်း၊ အဝတ်အထည်များ အထူး သဖြင့် အတွင်းခံအဝတ်များကို ခြောက်သွေ့အောင် နေမလှမ်းနိုင်ဘဲ ဝတ်ဆင်ရခြင်း‌ စသည့် တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့် အမျိုးသမီးကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရခြင်း ဖြစ် သည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မရွှေဝင်းက “အိမ်မှုကိစ္စကို အမျိုးသမီးတွေက အဓိက လုပ်ဆောင်တာဖြစ်တဲ့အတွက် ကျမတို့အမျိုးသမီးတွေ ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအသိပညာပေးမှု လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အခုထက် အများကြီး ပေးစေချင်ပါတယ်” ဟု ဆိုသည်။

မျိုးဆက်ပွားကျန်းမာရေးသည် အရွယ်ရောက်ပြီး ဆယ်ကျော်သက်လူငယ်များ အိမ်ထောင်သည်များအပါအဝင် လူတိုင်းသိထားသင့်သည့် ကျန်းမာရေးကိစ္စဖြစ်သည်။  ထို့ကြောင့် ဒုက္ခသည်စခန်းများအတွင်း အဖွဲ့အစည်းများ က ကျန်းမာရေးအသိပညာပေးမှုများ လာလုပ်လျှင်လည်း ပူးပေါင်းပါဝင်ရန်နှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြ ရန် လူမှုကူညီရေးသမားများက တိုက်တွန်းကြသည်။

ရခိုင်ပြည် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင်  မွတ်ဆလင် ဒုက္ခသည် ၁၅၃,၀၀၀ ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ- မြန်မာ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလစာရင်းတွင် ဖော်ပြသည်။ လက်ရှိတွင်လည်း စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၅၈,၀၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ပုံစာ - လူဦးရေ ၁၅,၀၀၀ ကျော်ရှိသော စစ်တွေမြို့နယ်ရှိ အုန်းတောကြီး(မြောက်)မွတ်ဆလင်ဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက တွေ့ရစဉ်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...