လိမ်လည်ခေါ်ဆောင်ခံရသည့် စစ်တွေက အမျိုးသမီးနှင့် မိသားစု အဆက်အသွယ်ပြန်ရ

လိမ်လည်ခေါ်ဆောင်ခံရသည့် စစ်တွေက အမျိုးသမီးနှင့် မိသားစု အဆက်အသွယ်ပြန်ရ

တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေသည့် ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးနှင့် ငါးရက်အကြာတွင် မိသားစုဝင်များ အဆက်အသွယ် ရရှိပြီဖြစ်သည်။

မသင်းသင်း (အမည်လွဲ)ကို စက်ရုံစုရပ်ကွက်မှ အမျိုးသမီး နှစ်ဦးက အလုပ်ရမည်ဟုဆိုကာ စက်တင်ဘာလ ၃ ရက်နေ့တွင် လိမ်လည်ခေါ်ဆောင်သွားခဲ့သည်။ ငါးရက်ကြာပြီးနောက် ရန်ကုန်သို့ ရောက်ရှိသွားသည့် မသင်းသင်း (အမည်လွဲ)က စက်တင်ဘာလ ၇ ရက်နေ့တွင် ရဲစခန်းမှတစ်ဆင့် မိသားစုဝင်များထံ ဆက်သွယ်လာခဲ့သည်။

မသင်းသင်း(အမည်လွဲ)၏ ဖခင် ဦးအောင်သန်းချေက “တရုတ်နိုင်ငံမှာ အလုပ်လုပ်ရမယ်ဆိုပြီး သမီးကို မိန်းမ နှစ်ယောက်က ခေါ်သွားတာ။ ခေါ်သွားပြီး ရန်ကုန် အဝေးပြေးကားဂိတ်မှာ ခဏလေးစောင့် ပြန်လာခဲ့မယ်ပြောပြီး သမီးကို ထားခဲ့တယ်။ ပြီးရင် သူတို့က ပြန်ရောက်မလာတော့ဘူး။ အဲဒီမှာ သမီးရဲ့ အသိနဲ့တွေ့တယ်။ ရန်ကုန်က ရဲစခန်းကိုသွားပြီး အိမ်ကို ဖုန်းဆက်လာတာ” ဟု ပြောသည်။

မသင်းသင်း(အမည်လွဲ)အား လိမ်လည်ခေါ်ဆောင်သွားသည့် အမျိုးသမီးနှစ်ဦးမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အသက် (၄၀) အရွယ် ဒေါ်ချင်းမနှင့် အသက် (၅၀) အရွယ် ဒေါ်လှယိုင်ဖြူတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိတွင် လိမ်လည်ခေါ်ဆောင်သွားသည့် အမျိုးသမီး နှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ဥပဒေအရ အရေးယူပေးရန် မသင်းသင်း(အမည်လွဲ)၏ မိသားစုဝင်များက ပြောသည်။

မသင်းသင်း(အမည်လွဲ)၏ မိခင် ဒေါ်ရှမ်းဖြူက “သမီးနဲ့ အဆက်အသွယ်မရခင်တုန်းကဆိုရင် အရမ်းစိုးရိမ် ခဲ့ရ တယ်။ အခု သမီးကပြန်လာနေပြီ။ အဲဒီ ပွဲစားနှစ်ယောက်ကို ဥပဒေအရ အပြစ်ခံယူစေချင်တယ်။ လောလော ဆယ်တော့ သူတို့ကို ဖမ်းမမိသေးဘူး။ တခြားမိန်းကလေးတွေလည်း အဲလိုဖြစ်မှာကို စိုးရိမ်တယ်” ဟု ပြော သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့မ ရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိ သေးပေ။

ရခိုင်ပြည်တွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းကြောင့် လူငယ်လူလတ်ပိုင်းအရွယ်များမှာ ပြည်တွင်း၊ ပြည်ပသို့ ထွက်ခွာမှု များပြားနေပြီး ယင်းသို့ထွက်ခွာရာတွင် ပွဲစားများမှ လိမ်လည်ကာ လူကုန်ကူးမှုများ ဖြစ်ပွား လာနေသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်က စစ်တွေ၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်တို့မှ အမျိုးသမီး ၄ ဦးကို ယူအေအီး နိုင်ငံ၊ ဒူဘိုင်းမြို့မှ အလှပြင်ဆိုင်တစ်ခုတွင် အလုပ်ရမည်ဟုဆိုကာ စစ်တွေမြို့မှ ပွဲစားဖြစ်သူ မခိုင်သန်းအေးနှင့် မနန္ဒာ ဆိုသူတို့က ခေါ်ဆောင်ကာ ဒူဘိုင်းတွင်ရှိသည့် မပန်ပန် (ခ) ခင်မြရုံထံ ပို့ဆောင်ခဲ့ပြီးနောက် ရောင်းစား ခံလိုက်ရသည်။

လူကုန်ကူးမှုခံရမှုများ လျော့နည်းလာစေရန် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် အသိပညာပေးမှု များများ လုပ်ပေးရန် လိုအပ်ကြောင်း ရခိုင်ရှေ့ဆောင် အမျိုးသမီးအဖွဲ့ ဥက္က စောစံငြိမ်းသူက ပြောသည်။

“ဗဟုသုတ အားနည်းတာကြောင့် ဒီကိစ္စတွေ ဖြစ်လာတာလို့ ပြောလို့ရတယ်။ လူကုန်ကူးခံရတာနဲ့ ပတ်သက်ပြီး အသိပညာတွေ အများကြီး ပေးဖို့လိုတယ်။ မိဘတွေကိုလည်း အသိပညာပေးတာတွေ လုပ်သင့်တယ်။ ဒါမှ လူကုန်ကူးခံရတာတွေ လျော့နည်းလာမယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၄ ဦးကို ရသေ့တောင်မြို့နယ်တွင် အလုပ်ရမည်ဟုဆိုကာ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာမှ ဘိုင်တားယာဆိုသူက လိမ်လည်ခေါ်ဆောင်သွားသဖြင့် စစ်တွေမြို့မရဲစခန်းတွင် တိုင်ကြား ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပုံစာ - စစ်တွေ အဝေးပြေးကားဂိတ်အနီးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပေးဆိုင်းဘုတ်အား တွေ့ရစဉ်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...