ရပ်စောက် စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ် တပ်သား ၄ ဦးသေ ၃ ဦးဒဏ်ရာရ

ရပ်စောက် စစ်ကောင်စီ တပ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ် တပ်သား ၄ ဦးသေ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအတွင်း  ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေ ၃ ဦး ဒဏ်ရာရရှိသွားသည်။

သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကျောက်ဂူကျေးရွာရှိ အာဏာသိမ်း စစ်ကောင်စီ တပ် အမှတ် (၃၄၉) အမြောက်တပ်တွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး စစ်သား ၄ ဦးသေ ၃ ဦး ဒဏ်ရာရသွားကြောင်း ဖြစ်စဥ် ကိုသိသော အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်တွင်းပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ သူတို့ (စကစ) ဗုံးကို မတော်တဆ ထိမိလို့ ပေါက်ကွဲမှု ဖြစ်တာတဲ့၊ အဲ့ဒီမှာ စစ်သား ၃ ဦးက ပွဲချင်းပြီး သေတယ်၊ တစ်ဦးက ဆေးရုံကား မရောက်ခင် ထပ်သေတော့ ၄ ဦး ဖြစ်သွား တယ်။ တခြား ဒဏ်ရာရတဲ့သူလည်း ၃/၄ ဦးလောက်ရှိတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုအသံသည် အလွန်ကျယ်လောင်ပြီး အသံ ၃ ချက် ဆက်တိုက်ကြားရခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီး ခဏအကြာတွင် ဆေးရုံကား နှင့် လူမှုကူညီရေး အသင်းကားများ ရောက်ရှိလာပြီး အလောင်း နှင့် ဒဏ်ရာရသူများကို ဆေးရုံ၊ ရင်ခွဲရုံသို့ သယ်ဆောင်သွားကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“တချို့ပြောကြတာက ဒဏ်ရာရတဲ့သူတွေကလည်း ဒဏ်ရာတော်တော်ပြင်းထန်တယ်တဲ့၊ တချို့က ကလောက ဆေးရုံကို ပို့ရသလို၊ ပြင်ဦးလွင်ကို ပို့ရတာလည်း ရှိတယ်လို့ ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေကို တော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုထားသည်။

ထိုသို့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးသည့် နောက်တွင် စစ်ကောင်စီတပ်သားများက ကျောက်ဂူကျေးရွာအတွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သည့်အပြင် ရွာလူကြီးကိုလည်း တပ်အတွင်း ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင်လည်း ရပ်စောက်မြို့နယ် အတွင်း စစ်ကောင်စီက စစ်ဆေးရေးဂိတ် ဖွင့်လေ့ရှိ သော အနီးတစ်ဝိုက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ခြံပိုင်ရှင်ကို မျက်နှာစိမ်းများ ခြံနားမကပ် ရန်နှင့် လုံခြုံရေးကို တိုးမြင့်ရန် ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့အပြင် တိုင်းရင်းသား လက်နက် ကိုင်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့လည်း သွားလာ လှုပ်ရှားနေလျက်ရှိနေသည်။

Most read this week

February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...