ကရင်လူမျိုးများအတွက် အမြဲထည့်သွင်းစဉ်းစားထားကြောင်း Move forward ပါတီခေါင်းဆောင်ပြော

ကရင်လူမျိုးများအတွက် အမြဲထည့်သွင်းစဉ်းစားထားကြောင်း Move forward ပါတီခေါင်းဆောင်ပြော
Photo: OKRSO
Photo: OKRSO

ကရင်လူမျိုးများကို ရင်ထဲတွင်အမြဲထည့်သွင်းထားသလို နိုင်ငံရေးအတွေးထဲတွင်လည်း ကရင်လူမျိုးအတွက် အမြဲ စဉ်းစားထည့်သွင်းထားပေးကြောင်း ထိုင်းနိုင်ငံ၏ Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက် က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ဝါခေါင်လ ကရင်ရိုးရာချည်ပွဲ အခမ်း အနားတွင် တက်ရောက်အားပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက် က “ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဘယ်အခွင့်ရေးကိုမဆို အားလုံးရထိုက်ပါတယ်။ ကျန်းမာရေးဖြစ်ဖြစ် ပညာရေးကဲ့သို့သော လူသားတိုင်းရရှိသင့်တဲ့ အခြေခံ အခွင့်အရေး တွေကို ကမ္တာပေါ်မှာရှိတဲ့ ဘယ်လူသားတိုင်းမဆို လူတိုင်းက ရဖို့ထိုက်တန်တယ်။ ဒါက လူသားတစ်ယောက် ချင်း စီရဲ့ အခွင့်အရေးဖြစ်တယ်။ မတူညီကွဲပြားမှုကနေ ခွန်အားကိုဖြစ်စေတယ်ဆိုတာ ဒါကသက်သေပြစေတယ်” ဟု ကရင်လက်ချည်ပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်ဖြစ်သည့် ပီတလင်ဂျာရွန်ရက်သည် ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများနှင့် နီးစပ်မှုရှိသည့်သူ တစ်ဦးဖြစ်သည့်အပြင် ရွေးကောက်ပွဲမတိုင်ခင်ကလည်း ကရင်လူမျိုးတို့ ၏ အင်္ကျီသည် ရှေ့နောက်ကွဲပြားမှု မရှိသလို နိုင်ငံအတွင်းရှိ နေထိုင်သည့် မည်သည့်လူမျိုးစုမဆို အားလုံးသည်ရ ထိုက်သည့် အခွင့်အရေး တန်းတူရှိရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ဘန်ကောက်မြို့တွင် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) နှစ်စဉ် ဦး ဆောင်ကျင်းပသည့် (၃၁) ကြိမ်မြောက် ကရင်ရိုးရာလက်ချည်ပွဲတွင် ယခုနှစ်တွင် ပါဝင်တက်ရောက်သူ ပိုများပြီး Move Forward ပါတီခေါင်းဆောင်အပြင် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးလွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင် တက်ရောက်သည်ဟု (OKRSO) နာယက စောဆိပ်ပလောင်က ကေအိုင်စီသို့ ပြောသည်။

စောဆိပ်ပလောင်က “နိုင်ပီတကို ဒီပွဲမှာဖိတ်ခေါ်တဲ့အကြောင်းရင်းကတော့ သူကချင်းမိုင်ဘက် ကရင်တွေနဲ့ ရင်း နှီးမှုတွေရှိထားခဲ့တယ်။ ကရင်အကြောင်းသိတာမကဘဲနဲ့ ကရင်လူမျိုးရဲ့ရိုးရာဓလေ့တွေကို သိရှိအောင်ပြီးတော့ ကရင်လူမျိုးတွေရဲ့ချစ်ချင်းမေတ္တာစည်းလုံးညီညွတ်မှုတွေဘာတွေရှိလဲတွေ့ရှိသိရှိဖို့ သူ့ကို ကျနော်တို့က ဒီပွဲကို ဖိတ်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ လက်ချည်ပွဲ အခမ်းအနားတွင် လက်ချည်ပွဲ ကျင်းပ သည့် နှစ်ပေါင်း (၃၀) ကျော်အတွင်း တက်ရောက်လာသူ အများဆုံးနှစ် တစ်နှစ်ဖြစ်ကာ လူပေါင်း တစ်သိန်းကျော် အထိ တက်ရောက်လာကြသည်ဟု OKRSO ဘက်မှ ပြောသည်။

ပီတလင်ဂျာရွန်ရက်သည် ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သော်လည်း သတင်းမီဒီယာ ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ဖြစ်ခွင့် လက်လွတ်ခဲ့ ရသူလည်း ဖြစ်သည်။

ဝါခေါင်လသည် ကရင်ရိုးရာ လက်ချည်ပွဲပြုလုပ်သည့် လဖြစ်ပြီး အချို့မှာ နေအိမ်တွင် မိသားစုအလိုက် စုပေါင်း လက်ချည်ပွဲကို လုပ်ကြသည့်အပြင် ကျေးရွာအလိုက်၊ မြို့နယ်အလိုက် စုပေါင်းလက်ချည်ပွဲ ကျင်းပပြုလုပ်ခြင်း လည်းရှိသည်။

ယခုနှစ်တွင် ပြည်တွင်း အပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဩစတြေးလျားနိုင်ငံနှင့် အမေရိကန်ရောက် ကရင် တိုင်းရင်းသားများကလည်း ကရင်ရိုးရာ လက်ချည်ပွဲကို စည်ကားစွာ ကျင်းပခဲ့ကြသည်။

Most read this week

December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...