မောင်တော ဂြစ်ချောင်းရွာ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်စွဲထား၍ ကျောင်းပိတ်ထားရ

မောင်တော ဂြစ်ချောင်းရွာ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်စွဲထား၍ ကျောင်းပိတ်ထားရ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စု ဂြစ်ချောင်း(မြို)ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စစ်ကောင်စီတပ်က နေရာယူထားသဖြင့် ကျောင်းပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာတောင်ဘက်တွင် ၂၀၂၂ ခုနှစ်ကတည်းကပင် တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ် သည် ဩဂုတ်လ ၂၁ ရက်နေ့တွင် ဂြစ်ချောင်းရွာ စာသင်ကျောင်းနှင့် နေအိမ်အချို့ထဲ ဝင်ရောက်နေရာ ယူလာခြင်း ဖြစ်သည်။

လုံခြုံရေးအရအမည်မဖော်လိုသူ ဂြစ်ချောင်းရွာသားတစ်ဦးက “စစ်ကောင်စီတပ်သားတွေက စာသင်ကျောင်းမှာ နေတာ ၅ ရက်ကျော်သွာပြီး အခုချိန်ထိ မပြောင်းကြသေးဘူး။ ကလေးတွေလည်း ကျောင်းမတက်ရတာ ၅ ရက် လောက်ရှိပြီ” ဟု DMG ပြောသည်။

ဂြစ်ချောင်း(မြို)ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၄၀၀ ကျော်ရှိပြီး မူလတန်းကျောင်းတွင် ပညာသင် ကြားနေသော ကျောင်းသား/သူ ၉၁ ဦး ရှိသည်။ လက်ရှိတွင် ကျောင်းပိတ်ထားရမှုကြောင့် ကလေးများ၏ ပညာ ရေး ထိခိုက်မှုရှိသဖြင့် စာသင်ကျောင်းမှ ထွက်ခွာပေးရန် ဒေသခံများက လိုလားနေကြသည်။

“ကျမတို့ရွာက ကလေးတွေ အရင်ကတည်းက ပညာရေးမှာ အားနည်းနေတာ။ အခုလိုမျိုး ကျောင်း ဆက်ပြီး ပိတ်ထားရမယ်ဆိုရင် ပိုပြီး အခြေနေဆိုးနိုင်တယ်” ဟု ကျောင်းသားမိဘ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကြိမ်ချောင်း (နကခ-၇) စစ်ကောင်စီ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဂြစ်ချောင်းကျေးရွာသို့ ကျရောက်ကာ ကျေးရွာသား ၁၃ ဦး သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရှိခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က ကျေးရွာတွင်းထဲထိ နေရာယူလာသဖြင့် မသွားရဲမလာရဲဖြစ်နေကြပြီး တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို ကျေးရွာသားများက စိုးရိမ်နေကြသည်။

“တောင်ယာတွေကို မသွားရဲကြတော့ဘူး။ တိုက်ပွဲပြန်ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြတယ်။ အရင်က လည်း သူတို့က ရွာမှာစခန်းချပြီး ပြန်ထွက်သွားကြတယ်။ ပြီးတော့ သူတို့ထွက်သွားတဲ့အချိန်ကျရင် ရွာကို လက်နက်ကြီးနဲ့ လှမ်းလို့ပစ်တာရှိတယ်” ဟု ဂြစ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကစပြီး နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားကြခြင်း ဖြစ်သည်။

လူသားချင်းစာနာမှုဖြင့် အပစ်ရပ်ထားချိန်တွင် စစ်ကောင်စီတပ်က စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများတွင် တပ်စွဲနေရာယူမှုများမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးသမားများက ဝေဖန်သည်။

လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “စစ်ကောင်စီတပ်သားတွေက ဘာသာရေး၊ ပညာရေးနဲ့ ကျန်း မာရေးစတဲ့ အဆောက်အအုံတွေကို စခန်းချနေထိုင်နေကျဖြစ်တယ်။ ဒါပေမယ့် အခုလို ငြိမ်းချမ်းရေးယူနေစဉ် ကာလမှာတော့ အဲဒီလိုကိစ္စမျိုးက မလုပ်သင့်ဘူးလို့ထင်တယ်။ အဲဒါက ငြိမ်းချမ်းရေးကို ‘ပျက်ရယ်ပြုခြင်း’ဆိုတဲ့ သဘောကို ဆောင်စေတယ်” ဟု ပြောသည်။

စာသင်ကျောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ပုံစာ -  ဂြစ်ချောင်းကျေးရွာ မူလတန်းကျောင်းကို  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...