IDPs စခန်းက အမျိုးသမီးများတွင် မိန်းမကိုယ်နှင့်ဆိုင်သော ရောဂါဖြစ်ပွားမှုများ ရှိနေ

IDPs စခန်းက အမျိုးသမီးများတွင် မိန်းမကိုယ်နှင့်ဆိုင်သော ရောဂါဖြစ်ပွားမှုများ ရှိနေ
ပုံစာ - ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ။
ပုံစာ - ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများ။

ရခိုင်ပြည်အတွင်းက IDPs စခန်းများတွင် နေထိုင်နေကြသော အမျိုးသမီးများမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် ကျန်းမာရေးဗဟုသုတ အားနည်းခြင်းတို့ကြောင့် မိန်းမကိုယ်နှင့်သက်ဆိုင်သော ရောဂါများဖြစ်ပွားနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းက အရွယ်ရောက်ပြီး အမျိုးသမီးများ၊ အမျိုးသမီး ကြီးများမှာ မုန်တိုင်းအလွန်တွင် မိန်းမကိုယ်ယားယံခြင်း၊ ပူခြင်း၊ မူမမှန်သော အဖြူဆင်းခြင်းများ အဖြစ်များ နေသည်။

ဒုက္ခသည်စခန်းကော်မတီဝင် ဒေါ်သိန်းမြက “အရင်ကတော့ ကျမကိုလာပြီးတိုင်ပင်တာ သိပ်မရှိဘူး။ အခုနောက် ပိုင်းမှာ ဒီရောဂါတွေနဲ့ပတ်သက်လို့ တိုင်ပင်ကြတယ်။ တချို့ဆိုရင် အဖြူဆင်းတာများလို့ ကိုယ်ခံအားကျဆင်း တယ်။ ဆေးရုံ၊ ဆေးခန်းလည်း သွားမပြရဲကြဘူး။ ရှက်ကြတယ်။ အနည်းစုလောက်ပဲ ဆေးဝယ်သောက်တာ ရှိပါ တယ်” ဟု ပြောသည်။

IDPs စခန်းများတွင် နေရာထိုင်ခင်း ကြပ်တည်းခြင်း၊ ရေမသန့်ရှင်းခြင်း၊ အဝတ်အထည်များ အထူးသဖြင့် အတွင်းခံအဝတ်များကို ခြောက်သွေ့အောင် နေမလှမ်းနိုင်၍ စိုထိုင်းသောအဝတ်အစားများကို ဝတ်ဆင်ရခြင်း စသည့် အခက်ခဲများကြောင့် နောက်ဆက်တွဲ အမျိုးသမီးကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။   

စခန်းတွင်းနေထိုင်သူများမှာ ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ ဖွင့်ဟပြောဆိုမှု အားနည်းခြင်းရှိနေသည်။ ထို့ကြောင့် နိုင်ငံတကာအဖွဲ့များ၊ ပြည်တွင်းအဖွဲ့များအနေဖြင့် ကျန်းမာရေး အသိပညာ ပေးမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်း တာဝန်ခံ ဒေါ်မအေးခင်က “စခန်းမှာ နေတဲ့သူ အများစုကလည်း လိုက်နာမှု အားနည်းတယ်။ ထမိန်ဆိုလည်း ပူးကပ်ပြီး လှမ်းကြတယ်။ တစ်ယောက်ထမိန် တစ်ယောက် ယူဝတ်ကြတယ်။ ကျန်းမာရေးအသိပညာပေးမှုတွေ၊ ဆိုးကျိုးတွေကို ထပ်တလဲလဲ ပြောပြနေရင် တော့ နည်းနည်းပြောင်းလဲလာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် အမျိုးသမီးများမှာ မိန်းမကိုယ်ယားယံရောင်ရမ်းခြင်း၊ ဆီးလမ်း ကြောင်းပိုးဝင်ခြင်း၊ မူမမှန်သော အဖြူဆင်းခြင်း၊ အဖြူဆင်းချိန်တွင် ယားယံပြီး အနံ့ဆိုးထွက်ခြင်း စသည်တို့ ဖြစ်တတ်သည်။

IDPs စခန်းကအမျိုးသမီးများမှာ တခြားရောဂါများထက် မိန်းမကိုယ်နှင့်သက်ဆိုင်သော ရောဂါဖြစ်ပွားသည်ကို ပိုတွေ့လာရကြောင်း ရခိုင်ပြည်အတွင်း နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် သူနာပြုဆရာမ ဒေါ်စန်းယုမွန်က ပြောသည်။

သူနာပြုဆရာမ ဒေါ်စန်းယုမွန်က “ဆီးလမ်းကြောင်းကနေ ပိုးဝင်တာနဲ့ မူမမှန်တဲ့ အဖြူဆင်းတာက ပိုများတယ်။ အမျိုးသမီးအင်္ဂါကို သန့်ရှင်းမှု အားနည်းတာရယ်၊ မသန့်ရှင်းတဲ့အတွင်းခံတွေ ဝတ်ဆင်တာက တော်တော်လေး အန္တရာယ်များတယ်” ဟု ပြောသည်။

မိန်းမကိုယ်ထဲသို့ ပိုးဝင်သောရောဂါ အမြဲတမ်းဖြစ်ပွားနေလျှင် အသက်အန္တရာယ်စိုးရိမ်ရပြီး ကျောက်ကပ်နှင့် နာတာရှည်ရောဂါများ ဖြစ်ပွားလာနိုင်သဖြင့် အထူးသတိထားကြရန် လိုအပ်ပြီး ရောဂါခံစားနေရပါက ကျွမ်းကျင် သူများနှင့် တိုင်ပင်ဆွေနွေးခြင်း၊ ဆေးရုံ/ဆေးခန်းများသို့ သွားရောက်ကုသမှုများ ခံယူသင့်ကြောင်း ကျန်းမာရေး ဝန်ထမ်းများက အကြံပြုထားသည်။

ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျမတို့ အမျိုးသမီးတွေဟာ ကိုယ်ခံစားနေရတဲ့ ရောဂါထက် ရှက်စိတ်ကြောက်စိတ်က ပိုပြီးလွှမ်းမိုးနေကြတယ်။ အခုလိုမျိုး မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ရောဂါ တွေဆို ပိုဆိုးတယ်” ဟု ပြောသည်။

မိန်းမကိုယ်နှင့်သက်ဆိုင်သော ရောဂါဖြစ်ပွားမှု လျော့နည်းစေရန်အတွက် သန့်ရှင်းသောရေကိုသုံးစွဲခြင်း၊ အဝတ် အစားများကို ခြောက်သွေ့အောင်နေလှန်းကာ ဝတ်ဆင်ခြင်း၊ အတွင်းခံအဝတ်အစားများကို မီးပူတိုက် ဝတ်ဆင် ခြင်းများနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ကြောင်း ဆေးပညာ ကျွမ်းကျင်သူများ က ပြောဆိုကြသည်။

သို့သော် IDPs စခန်းများက လူဦးရေ စုပြုံနေထိုင်နေကြရသော အမျိုးသမီးများမှာ အဆိုပါလမ်းညွှန်ချက်များကို လိုက်နာရန် အခက်အခဲများစွာ ရှိနေကြသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...