ဟိုပုံးမြို့နယ်အတွင်း PNO စစ်သားက နေ့စဥ်နီးပါး ရွာသားတွေကို ဝင်ဖမ်းနေ

ဟိုပုံးမြို့နယ်အတွင်း PNO စစ်သားက နေ့စဥ်နီးပါး ရွာသားတွေကို ဝင်ဖမ်းနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်နေကြသည့်  ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) က နေ့စဥ်နီးပါး ရွာသားများကို ဝင်ဖမ်းနေသည်ဟု ဒေသခံများက ပြောသည်။

ဟိုပုံးမြို့နယ် နမ့်ပါချီးကျေးရွာအုပ်စု၊ မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုတို့မှ ဒေသခံများကို မူးယစ်ဆေးဝါး အကြောင်းပြကာ နေ့စဥ်နီးပါးဝင်ရောက် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မူးယစ်ဆေးဝါးကို အကြောင်းပြပြီး တစ်ရွာဝင် တစ်ရွာထွက် လူတွေကို လိုက်လိုက်ဖမ်းတာ၊ တချို့က မူးယစ် ဆေး တကယ်သုံးတယ်၊ တချို့က မသုံးဘူး၊ ဒါပေမဲ့ သူတို့ဖမ်းချင်တဲ့သူကို ဖမ်းခေါ်သွားတာ၊ အဲ့လိုတွေ ဖမ်းသွား ပြီး ပိုက်ဆံပြန်တောင်း၊ ပြန်ပေးဆွဲတဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု ဟိုပုံးမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများကို ငွေဖြင့် ပြန်ရွေးကြရန် မိသားစုများကို ပြောဆိုပြီး ငွေမပေးနိုင်သူများကို တုတ်ဖြင့် ရိုက်ကာ တစ်ပတ်အတွင်း ပြန်လွတ်ပေးသည်ဟု ဆိုကြသည်။

ထို့အပြင် မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများကို PNO ဖွဲ့စည်းသည့် ပြည်သူ့စစ် စစ်သင် တန်းတက်ရမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုမှုရှိသည့်အတွက် မိသားစုဝင်များက ပိုက်ဆံ ချေးငှားပြီး လူကို ပြန်ရွေးရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ဖမ်းခံရတဲ့ သူတွေကလည်း အမျိုးသားတွေချည်းပဲ ဖြစ်တယ်ဆိုတော့ မိသားစုအတွက် လုပ်အားလည်း ဖြစ်တာ လေ၊ ဒါကြောင့် သူတို့ဖမ်းခံရတာနဲ့ ပြန်ရွေးဖို့ ပိုက်ဆံကို မရမက ချေးငှားရှာပြီး ပေးကြရတယ်၊ တချို့က သိန်း ၂၀ - ၃၀ ကို တောင်းတောင်းပန်ပန်နဲ့ ၇ - ၈ သိန်း လောက်ပေးရတာလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ရွာသားများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းသည့် PNO ၏ လုပ် ရပ်သည် မူးယစ်ဆေးဝါးကို တိုက်ဖျက်ပေးခြင်း မဟုတ်သည့်အပြင် ပြည်သူများကို ဒုက္ခပေးရာ ရောက်နေ ကြောင်းလည်း ဒေသခံများက ပြောဆို ဝေဖန်နေကြသည်။

သြဂုတ်လဆန်းပိုင်းတွင်လည်း ပုံးအင်းဒေသအတွင်း နေထိုင်သည့် ပြည်သူများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ် က ရှေ့တန်းရောက် တပ်သားများအတွက် တစ်အိမ်ကို ကျပ်ငွေ ၄၀၀၀ နှင့် ဆန် ၂ ပြည် လာရောက် တောင်းခံခဲ့ကြသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်တွင်လည်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများကို PNO မှ အစည်းအဝေး ခေါ်ပြီး တစ်အိမ်ကို ကျပ်ငွေ ၃ သောင်း နှင့် ဆန်တစ်ပြည်ထည့်ပေးရန်အပြင် ကျေးရွာ တစ်ရွာလျှင် အမျိုးသားလူငယ် အယောက် ၂၀ စီ ပေးရန် စေခိုင်းညွှန်ကြားမှုများ ပြုလုပ်ခဲ့ဖူးသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...