ရခိုင်နှင့် ပလက်ဝတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆ သောင်းနီးပါး ရှိနေဆဲ

ရခိုင်နှင့် ပလက်ဝတွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၆ သောင်းနီးပါး ရှိနေဆဲ

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း  UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ) စာရင်းအရ သိရသည်။

၎င်းတို့မှာ ဘူးသီးတောင် ၅,၀၈၈ ဦး၊ ကျောက်တော် ၁၀,၂၇၈ ဦး၊ မြောက်ဦးမှ ၁၆,၅၆၅ ဦး၊ ရသေ့တောင် ၁၂,၉၇၉ ဦး၊ ပုဏ္ဏားကျွန်း ၃,၁၉၉ ဦး ၊ မင်းပြား ၂၁၁ ဦး၊ စစ်တွေ ၃,၈၃၅ ဦး၊ မြေပုံ ၁,၄၄၂ ဦး၊ အမ်း ၉ ဦးနှင့် ချင်းပြည်နယ်  ပလက်ဝတွင်  ၄,၄၇၂ ဦး ဖြစ်ကြောင်း UNHCR (ရခိုင်ပြည်နယ်ရုံး) စာရင်းတွင် ဖော်ပြသည်။

စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသည့် အကြောင်းအရင်းများမှာ ကျေးရွာအတွင်းနှင့် အနီးအနားတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုတို့ အပြင် လုံခြုံမှုအာမခံချက် မရှိခြင်းတို့ကြောင့် ဖြစ်သည်။

“ကျမတို့နေရပ်ပြန်ဖို့ လက်နက်ကိုင်တပ် နှစ်ဖက်လုံးအပေါ်မူတည်တယ်။ တိုက်ပွဲလုံးဝမဖြစ်ဖို့၊ မိုင်းရှင်းပေးဖို့နဲ့ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်ဆောက်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းရွာ မှ ဒေါ်မရွှေဝင်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ (AA) တို့ တိုက်ပွဲပြင်းထန်ချိန်က ရေစိုးချောင်းရွာအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် ကျေးရွာသားများမှာ စေတီပြင်စစ်ဘေးရှောင်စခန်းတွင် တိမ်းရှောင်နေကြရ သည်မှာ ၅ နှစ်နီးပါး ရှိလာပြီဖြစ်သည်။

ကျေးရွာ၏ အရှေ့ဘက်တောင်ကုန်းတွင်လည်း စစ်ကောင်စီတပ်က ၂၀၁၈ ခုနှစ်မှ လက်ရှိအချိန်ထိ စခန်းချ နေထိုင်လျက်ရှိ ၍ ကျေးရွာသားများမှာ နေရပ်မပြန်ရဲကြပေ။

နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်များတွင် အခက်အခဲမျိုးစုံနှင့် နေထိုင်နေကြသူများမှာ မေလ ၁၄ ရက်နေ့ က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပိုမို ဒုက္ခရောက်နေကြသည်။ မုန်တိုင်းကြောင့် စစ်ဘေးရှောင် စခန်းများရှိ ယာယီအဆောင်များ ပျက်စီးသွားကာ နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြသည်။

“မုန်တိုင်းကြောင့်ပျက်စီးသွားတာကို ထောက်တိုင်နဲ့ထောက်ပြီး ဖြစ်သလိုနေထိုင်နေတယ်။ အထောက်အပံ့က WFP ကထောက်ပံ့တဲ့ ပိုက်ဆံသုံးသောင်းကျပ်ပဲရတယ်။ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတော့ သားသမီး တွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ လိုက်မမီဘူး” ဟု ကျောက်တော်မြို့ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မနွယ်နွယ်သန်း က ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခပ်ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီ က နေရပ်ပြန်ပို့ခဲ့သည်။

သို့သော်လည်း နေရပ်ပြန်သူများအတွက် စစ်ကောင်စီက တာဝန်ယူ၊ တာဝန်ခံမှု မရှိကြောင်း၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးရန် လိုအပ်ကြောင်း လွှတ်တော် အမတ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်သည်။

“ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ နွေရာသီပိုင်းက စစ်ဘေးရှောင်တွေကို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းတာမျိုး ရှိ တယ်။ ဒါပေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ပေးတာမရှိဘူး။ အဲဒါကို လုပ်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိသလို ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ process ထဲမှာ စစ်ဘေးရှောင်ကိစ္စကို ထည့်ပြီးဆွေးနွေးဖို့ လိုအပ် တယ်။ ဆွေးနွေးမှုတွေထဲမှာ ဒီကိစ္စတွေ မပါဝင်တဲ့အတွက်ကြောင့် အခုလိုလျစ်လျူရှုခံနေရတာ” ဟု ၎င်းကပြောသည်။

စစ်ဘေးရှောင်များ၏ အခက်အခဲများကို ဖြေလျော့နိုင်အောင် စစ်ကောင်စီက အဓိက တာဝန်ယူ ဖြေရှင်းပေးရ မည် ဖြစ်သော်လည်း မုန်တိုင်းအပြီးကာလတွင် ကူညီကယ်ဆယ်ရေးများကို  စစ်ကောင်စီက တားမြစ်ထားသော ကြောင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲရှိနေကြခြင်းဖြစ်သည်။

ထို့ကြောင့် စစ်ဘေးရှောင်အချို့မှာ UN အပါအဝင် အခြားလူမှုအဖွဲ့အချို့က ကူညီထောက်ပံ့သည့် ပစ္စည်းများကို ဈေးကွက်အတွင်းရောင်းချကာ စားသောက်ရသည့် အဆင့်ထိ ဖြစ်လာနေသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...