သန္တာကျောက်တန်းများရှိ ကျောက်ခက်ကျောက်ပန်းများ၏ ဂေဟစနစ်ကို ထိန်းသိမ်းပေးသည့်အပြင် အစာခြေ ပြီး သဲဖြူမှုန့်များ ပြန်ထုတ်လုပ်ပေးသည့် ငါးကြက်တူရွေး (Parrotfish)မှာ ရခိုင်ဒေသတွင် ရှားပါးလာကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ငါးကြက်တူရွေးကို ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွမြို့နယ်တို့ အပါအဝင် ရခိုင်ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် ဖမ်းဆီးရှာဖွေ စားသောက်ခဲ့ကြရာမှ ယခုနောက်ပိုင်းနှစ်များ၌ ရှားပါး ပျောက်ကွယ်လာ ကြောင်း ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။
“ငါးက သန္တာကျောက်တန်းတွေမှာ နေတဲ့ ငါးမျိုးပါ။ ကျောက်တန်းအနီးတွေမှာ ပိုက်ချပြီးတော့ ဖမ်းရတယ်။ ငါး ကြက်တူရွေး ဖမ်းသူတွေကတော့ ပလပ်ပိုက်ဆိုတာမျိုးနဲ့ဖမ်းတယ်။ အခု နောက်ပိုင်းမှာတော့ တချို့ တံငါသည် တွေရဲ့ ပိုက်မှာ တစ်ကောင်စနှစ်ကောင်စ ပါတာမျိုးတွေ့ရတယ်။ ရှားပါးပျောက်ကွယ်ကုန်ပြီထင်ပါတယ်။ အခု ဖမ်းသူလည်း သိပ်မတွေ့တော့ဘူး” ဟု ပြောသည်။
ငါးကြက်တူရွေးသည် သန္တာကျောက်တန်းများတွင် နေထိုင်ပြီး စိမ်း၊ ပြာ၊ နီ အရောင်များစပ်ထားသည့် ငါးတစ်မျိုး ဖြစ်ပြီး တစ်ခြားငါးများနှင့် အရောင်အဆင်း ကွဲပြားကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါငါးမှာ သန္တာကျောက်ခက်များအား သူ၏သွားများဖြင့် ချိုးဖဲ့ကိုက်ခြစ်စားသောက်ပြီး နူးညံ့သည့် သဲမှုန်များ ပြန်ထုတ်လုပ်ပေးရာ တစ်နှစ်လျှင် ငါးတစ်ကောင်မှ သဲ ၉၀ ကီလို ဂရမ်အထိ ထုတ်လုပ်နိုင်ကြောင်း ငါးသုတေ သန ကျွမ်းကျင်သူများ၏ စာတမ်းများက ဆိုသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် သန္တာကျောက်တန်းများ သေဆုံးသွားသည့်အခါ ယင်းသန္တာကျောက်တန်း များအပေါ် စုပုံဖုံးလွှမ်းလာသည့် ရေညှိများကို စားခြင်းဖြင့် သန္တာကျောက်တန်းများအား ထိန်းသိမ်းပေးထား သည်ဟု ဆိုသည်။
ကျောရိုးမဲ့ဖြစ်သည့် သန္တာကောင်များက ၎င်းတို့၏ ခန္ဓာကိုယ်ကို ထုံးကျောက်များဖြင့် ဖွဲ့စည်းပြီး သန္တာကျောက် ခက်များ သန်းနှင့်ချီ ထုတ်လုပ်တတ်ရာ သန္တာကျောက်တန်းများ အဆမတန် ကြီးထွားမလာအောင် ထိန်းသိမ်းပေး သည့် ရေနေသတ္တဝါများထဲ ငါးကြက်တူရွေးလည်း အဓိကပါဝင်နေကြောင်း ဂွမြို့မှ ငါးလုပ်ငန်းရှင်ကျွမ်းကျင်သူ ဦးဖေပုကပြောသည်။
“သန္တာကျောက်ခက်တွေပွားများလာတာကို တားဆီးဖို့ ဒီငါးကြက်တူရွေးဆိုတဲ့ငါးက ရှိမှရတယ်။ သူက အဲဒါ တွေကိုက်စားတယ်။ ကိုက်စားပြီးရင် သူအညစ်အကြေးစွန့်တဲ့အခါ သူက သဲဖြူမှုန်လေးတွေကို ပြန်စွန့်တယ်။ အဲဒီထုံးကျောက် ကယ်လ်ဆီယမ် အမှုန့်လေးတွေပေါ့။ ဒါကတော့ သန္တာကျောက်တန်းတွေရဲ့ ကြီးထွားမှုကို သူက ထိန်းပေးထားတာပေါ့” ဟု ပြောသည်။
ငါးကြက်တူရွေးသည် ရှားပါးပြီး အရေအတွက် နည်းသွားလျှင် သန္တာကျောက်တန်းများ အဆမတန်ကြီးထွားမှုကို မထိန်းသိမ်းပေးနိုင်တော့သည့် အခြေအနေရှိကြောင်း ဆိုသည်။
အလားတူ အရေအတွက်များလွန်းပါကလည်း သန္တာကျောက်တန်းများကို ချိုးဖဲ့စားသောက်သည့် ငါးမျိုးစိတ် ဖြစ်၍ သန္တာကျောက်တန်းများ ပျက်စီးသွားနိုင်ကြောင်း သူက ဆက်ပြောသည်။
“ဒီရပ်ဝန်းမှာ အားလုံး ညီမျှဖို့လိုတာပေါ့။ သန္တာကျောက်တန်းတွေ အများကြီး ပွားများလာရင်လည်း ငါးကြက်တူ ရွေးက ကိုက်ဖျက်ပြီး ထိန်းသိမ်းပေးတယ်။ ငါးကြက်တူရွေးတွေ ပမာဏ အရမ်းများရင်လည်း သန္တာကျောက် တန်းတွေ ပိုပျက်စီးပြန်ရော။ သူက တောက်လျှောက် အကုန်ကိုက်ဝါးပြီးစားနေတာလေ။ သူက ကြက်တူရွေး နှုတ်သီးလိုပဲ။ သူ့သွားနဲ့ အမြဲဝါးနေတာ။ ဆိုတော့ အရမ်းပေါများတဲ့အချိန်ဖမ်းဖို့နဲ့ ရှာပါးတဲ့အခါ ထိန်းသိမ်းဖို့ လိုတယ်” ဟု ပြောသည်။
အဆိုပါ ငါးကြက်တူရွေး အပါအဝင် ရခိုင်ဒေသရှိ အခြား ရေနေသားငါးသယံဇာတများ ရှားပါးလာရသည်မှာ ငါးဖမ်းလုပ်ငန်းများကြောင့် မဟုတ်ဘဲ ပင်လယ်ရေထု အဆိပ်သင့်မှု၊ ဂေဟစနစ်ပ ျက်စီးမှုများကြောင့်လည်း ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ကိုင်နေသူ အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင် က သုံးသပ်ပြောဆိုသည်။
"ရေထုညစ်ညမ်းမှုမှာပါတဲ့ ဓာတုအဆိပ်သင့်မှုတွေကြောင့်လို့ ပြောလို့ရတဲ့အပိုင်းတွေရှိတယ်။ ရေနံတင် သင်္ဘော တွေကရော အညစ်အကြေးဘယ်လိုစွန့်လဲ။ တခြားစက်ရုံတွေ ဆီလှောင်ကန်တွေက အညစ်အကြေးကိုရော ဘယ်မှာစွန့်ပစ်ကြလဲ။ ပလပ်စတစ်တွေ စွန့်ပစ်မှုကရော။ ပင်လယ်ပြင်မှာ စည်းမရှိကမ်းမရှိစွန့်ပစ်ကြတာလား။ ဆိုတော့ အဲဒီလိုပုံစံမျိုးတွေက ရေထုညစ်ညမ်းမှုတွေ၊ ရေထုအဆိပ်သင့်မှုတွေနဲ့ ရေအရည်အသွေး ကျဆင်းမှု တွေ ရှိလာတယ်။ ဆိုတော့ ရေနေသားငါး သတ္တဝါတွေ ထိခိုက်တဲ့အတွက် ရေထုအဆိပ်သင့်မှုကြောင့် သားငါး သယံဇာတ ပိုရှားပါးတယ်ဆိုတာက သေချာပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့၊ မဒေးကျွန်းအနီးရှိ သံဇစ်မြစ် ရေထုညစ် ညမ်းပြီး အဆိုပါ ရေထုညစ်ညမ်းမှုမှာ မြို့နယ်လေးခုအထိ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
သန်းနှင့်ချီသည့် ဂုံးများအပါအဝင် ရေနေ သားငါးပုဇွန်များလည်း သေကြေခဲ့ရကြောင်း ကိုမျိုးလွင်က ပြော သည်။
“အဲဒီမြို့နယ်တွေကို အချက်အလက် ကောက်ယူတဲ့အခါ ငါး ပုဇွန် ဖမ်းဆီးမှုဟာ ၉၉ ရာခိုင်နှုန်းလောက် လျော့ကျ သွားပြီးတော့ ငါး ပုဇွန် သေဆုံးမှုတွေ၊ ဂုံးသန်းပေါင်းများစွာ သေဆုံးမှုတွေရှိခဲ့ပြီးတော့ သား ငါး ပုဇွန် အရှိန် အဟုန်နဲ့ လျော့ကျသွားတယ်” ဟု ပြောသည်။
ရခိုင် ကမ်းရိုးတန်းဒေသ ဂေဟစနစ်ကို ထိန်းညှိပေးသည့် ဒီရေတောများ ဧရိယာ တဖြည်းဖြည်း ပျောက်ကွယ် လာမှု၊ ရေထု အဆိပ်သင့်စေသည့် စွန့်ပစ် ကာဗွန်ဒိုင် အောက်ဆိုဒ်များကို စုပ်ယူ ထိန်းသိမ်းပေးသည့် ရခိုင်ရိုးမ သစ်တော ဧရိယာပျောက်ကွယ်လာမှုမှာလည်း ရေနေသားငါး သယံဇာတများ ရှားပါးလာသည့် အရင်းအမြစ် ပြဿနာတစ်ခုဖြစ်နေကြောင်း ကိုမျိုးလွင်က နိရဉ္စရာသို့ ပြောသည်။







