ရခိုင်တွင် အွန်လိုင်းငွေလိမ်မှုများရှိလာ၍ သတိထားရန်လိုအပ်

ရခိုင်တွင် အွန်လိုင်းငွေလိမ်မှုများရှိလာ၍ သတိထားရန်လိုအပ်

ရခိုင်ပြည်တွင် လတ်တလောကာလအတွင်း အွန်လိုင်းမှတစ်ဆင့် နည်းမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေ၍ အထူးသတိထားကြရန် ငွေလိမ်ခံလိုက်ရသူများက သတိပေးကြသည်။

အွန်လိုင်းမှတစ်ဆင့် ငွေသွင်းငွေထုတ်ပေးမည့် မက်ဆေ့ချ်စာတိုပို့ခြင်း၊ KBZ pay နှင့် Wave Money သုံးစွဲသူများ ထံ ဝန်ဆောင်မှု (သို့မဟုတ်) လုံခြုံရေး အဆင့်မြှင့်တင်ရန်ဟုဆိုကာ ကိုယ်ရေးအချက်အလက် တောင်းခံပြီး လိမ်လည်မှုများရှိကြောင်း သုံးစွဲသူများ၏ ပြောပြချက်အရ သိရသည်။

အလိမ်ခံလိုက်ရသည့် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုပိုင်း တာဝန်ရှိသူပါ ဆိုပြီး ဖုန်းဆက်လာတယ်။ ပြီးတော့ ကျမသုံးနေတဲ့ KBZ pay အကောင့်ကို လုံခြုံရေးမြင့်တင်ရမှာမို့ ကုဒ်နံပါတ် တချို့ ပို့လိုက်တယ်၊ အဲဒီကုဒ်နံပါတ်တွေကို သူတို့ကို ပြန်ပို့ပေးပါဆိုတော့ ကျမလည်းယုံပြီးပို့လိုက်တာ Kpay မှာရှိတဲ့ ပိုက်ဆံသုံးသိန်းကျော် ပါသွားတယ်” ဟု ပြောသည်။

အဆိုပါအမျိုးသမီးကို ပြီးခဲ့သည့် ဇွန်လအတွင်းက လိမ်လည်ခဲ့ခြင်းဖြစ်ပြီး အသိမိတ်ဆွေများအား ပြောပြရာ တွင်လည်း အလားတူအလိမ်ခံရမှုများ အများအပြားရှိနေကြောင်း ၎င်းကပြောသည်။

အခြား ငွေကြေးလိမ်လည်မှုပုံစံများမှာ ‘ကံစမ်းမဲရရှိသည်၊ လက်ဆောင်ရရှိသည်’ စသည်ဖြင့် မက်ဆေ့ချ်ပို့ခြင်း၊ ဖုန်းဆက်၍မက်လုံးပေးခြင်း များဖြစ်ပြီး ယုံလွယ်သူများမှာ အလိမ်ခံရခြင်းဖြစ်သည်။

ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ မဖြူဖြူဝင်းက “ကျမဖုန်းထဲကို Wave Money ကနေ ပိုက်ဆံရှစ်သိန်း လွှဲထားတယ်လို့ SMS အရင်ဝင်လာတယ်။ ခဏနေတော့ သူတို့က ဖုန်းဆက်လာတယ်။ အစ်မဖုန်းနံပါတ်နဲ့ ကံစမ်းမဲပေါက်လို့ ငွေလွှဲပေးထားပါတယ်တဲ့။ အဲဒါကိုထုတ်ယူချင်ရင် လွှဲခအဖြစ် ပိုက်ဆံတစ်သောင်းကို အရင် ပေးရမယ်တဲ့။ ကျမလည်း နားမလည်တာနဲ့ သူတို့ပြောသလို လွှဲလိုက်မိတာ နောက်မှ အလိမ်ခံရတာကို သိတော့ တယ်” ဟု ပြောသည်။

ကမ္ဘောဇဘဏ်၏ ဩဂုတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုတွင် - မသမာသူလူတချို့သည် ကမ္ဘောဇဘဏ်လီမီ တက်၏ အမှတ်တံဆိပ်၊ အမည်၊ စာတမ်းအမှတ်အသားများကို အသုံးပြုလျက် လူမှုကွန်ယက်များဖြစ်သော Facebook/ Viber/ Telegram/ Messenger/ Phone Message အစရှိသည် တို့တွင် Account အတုများပြုလုပ်ပြီး လိမ်လည်လှည့်ဖြားခြင်းများ လုပ်ဆောင်နေကြောင်း ဆိုထားသည်။

လိမ်လည်သူများသည် အွန်လိုင်းအသုံးပြုမှုကို ကောင်းစွာနားမလည်သူများ၊ ကျေးလက်တွင်နေထိုင်သူများကို အဓိကပစ်မှတ်ထားပြီး လိမ်လည်နေကြသည်ဟု အွန်လိုင်းငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူများက ပြောသည်။

ပေါက်တောမြို့၊ ရွှေပုဏ္ဏမီ ငွေလွှဲဝန်ဆောင်မှု ဆိုင်ပိုင်ရှင်က “လိမ်တဲ့လူတွေဟာ ကျမတို့လိုဆိုင်တွေကိုတောင် လိမ်ဖို့ကြိုးစားကြတာရှိတယ်။ ဟိုတလောက လိမ်ဖို့ကြိုးစားတဲ့ ဖုန်းတွေ ဝင်လာသေးတယ်။ ဒီကိစ္စတွေကို သိတဲ့ လူတွေကတော့ အလိမ်မခံရပေမယ့် မသိတဲ့လူတွေ အလိမ်ခံရတာတွေကို မကြာခဏ ကြားမိတယ်” ဟု ပြော သည်။

အွန်လိုင်းသုံးစွဲသူများ အနေဖြင့် အွန်လိုင်းမှတစ်ဆင့်ပို့လာသည့် လင့်ခ်များ၊ ဖုန်းမက်ဆေ့ချ်များကို အလွယ်တကူ မယုံကြရန်နှင့် မိမိ၏ လျှို့ဝှက်နံပါတ်များကို မည်သူ့ကိုမျှအသိမပေးကြရန် ဘဏ်များနှင့် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူများက တိုက်တွန်းထားကြသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်းကြောင့် ငွေအရေးတကြီး လိုအပ်နေ သူများကို အွန်လိုင်းမှတစ်ဆင့် ဖျားယောင်းသွေးဆောင်ပြီး ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ အများအပြားဖြစ် ပေါ်လျက်ရှိနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...