လွတ်ငြိမ်းခွင့်ရ မွတ်ဆလင် ၅၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့

လွတ်ငြိမ်းခွင့်ရ မွတ်ဆလင် ၅၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့
ပုံစာ - လွတ်ငြိမ်းခွင့်ရမွတ်ဆလင်များကို ဩဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ် ၃ စီးဖြင့် ပို့ဆောင်ခဲ့သည်။ (ဓာတ်ပုံ - ရခိုင်နေ့စဉ်)
ပုံစာ - လွတ်ငြိမ်းခွင့်ရမွတ်ဆလင်များကို ဩဂုတ်လ ၁၆ ရက်တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ် ၃ စီးဖြင့် ပို့ဆောင်ခဲ့သည်။ (ဓာတ်ပုံ - ရခိုင်နေ့စဉ်)

မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော မွတ်ဆလင် ၅၅၁ ဦးကို စစ်ကောင်စီအစီအစဉ်ဖြင့် ဩဂုတ်လ ၁၆ ရက်နေ့တွင် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

၎င်းတို့သည် ဩဂုတ်လ ၁ ရက်နေ့၊ ဝါဆိုလပြည့်နေ့တွင် လွတ်ငြိမ်းခွင့်ရခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့ နယ်မှ ၄၄၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁၁ ဦးတို့ဖြစ်ကြောင်း စစ်ကောင်စီသတင်းများကို ထုတ်ပြန်နေသည့် “ရခိုင်နေ့စဉ်” လူမှုကွန်ရက်တွင် ဖော်ပြသည်။

လွတ်မြောက်လာသူများမှာ မောင်တောမြို့နယ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၉၇ ဦး စုစုပေါင်း ၃၆၁ ဦး၊ ဘူးသီးတောင်မြို့နယ်မှ  အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၇၉ ဦး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုး သား ၁၀၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁၁ ဦးတို့ဖြစ်သည်။

၎င်းတို့အား ဩဂုတ်လ ၁၆ ရက်နေ့က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ် ၃ စီးဖြင့် ပို့ဆောင်ခဲ့ပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ မွတ်ဆလင်များမှာ နေရပ်သို့ရောက်သွားကြပြီဟု ဘူးသီးတောင်မြို့နယ်၊ သရက်ပြင် (မွတ်ဆလင်) ကျေးရွာ တာဝန်ခံ ဦးဟူစောင်းအာမတ်က ပြောသည်။

“ဘူးသီးတောင်နဲ့ မောင်တောကလူတွေကတော့ ပြန်ရောက်သွားကြပါပြီ။ ပြန်လွတ်လာတဲ့အထဲမှာ မလေးရှားကို ခိုးဝင်တာမှာ ဖမ်းမိပြီး ထောင်ကျတဲ့သူတွေလည်း ပါတယ်။ လဝကအမှုနဲ့ ထောင်ကျသွားတာပေါ့” ဟု ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁၁ ဦးကိုမူ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ တရားဝင် လွှဲပြောင်းပေးရန် စီစဉ်နေပြီး လက်ရှိတွင် ဘူးသီးတောင်အကျဉ်းထောင်၌ ယာယီစောင့်ရှောက်ထားကြောင်း ဆိုသည်။

မွတ်ဆလင်များအား လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးသည့်အပေါ် ဝမ်းသာကြိုဆိုသော်လည်း ရခိုင်ဒေသရှိ မွတ်ဆလင်များထဲမှ နိုင်ငံသားဖြစ်ရန် အရည်အချင်းပြည့်မီသူများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် လိုအပ်ကြောင်း မွတ်ဆလင် ဘာသာပြန် စာရေးဆရာ ဦးအောင်ခင်က ပြောသည်။

“ရခိုင်ဒေသက မွတ်ဆလင်တွေက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလို့ နယ်ကျော်ပြီးသွားတယ်။ အဲဒီမှာ နိုင်ငံ သားကတ်ပြား ထုတ်မပေးလို့ နယ်ကျော်ပြီးသွားတဲ့ ပြဿနာတွေရှိတော့ ဒီလိုထပ်မဖြစ်အောင် ရခိုင်ဒေသမှာ နိုင် ငံသားဖြစ်ဖို့ အရည်အချင်းပြည့်မီသူတွေ၊ နိုင်ငံသားပေးသင့်ပေးထိုက်တဲ့သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ရင် ဒီလဝက ပုဒ်မတွေနဲ့ ဖမ်းတဲ့ကိစ္စတွေ မဖြစ်တော့ဘူး” ဟု ဦးအောင်ခင် က ပြောသည်။

ရခိုင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် သွားလာခွင့်ကန့်သတ်ခံရမှုတို့ကြောင့် မွတ်ဆလင်များမှာ ပြည်ပ နိုင်ငံများသို့ ရောက်ရှိနိုင်ရေး တစ်ဦးလျှင် ငွေကျပ် သိန်း ၈၀ မှ သိန်း ၁၀၀ ကြားထိ ပွဲစားများကို ပေးဆောင်ကာ သွားရောက်နေကြသည်။ ထိုသို့သွားရောက်စဉ် ဖမ်းဆီးခံရပါက ပွဲစားများကို ပေးဆောင်ထားသည့် ငွေကြေးများ ကို ဆုံးရှုံးခံလိုက်ရပြီး လဝက ဥပဒေဖြင့်ပါ တရားစွဲဆိုမှုများ ခံနေကြရသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...