စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်ဒေသခံ ၃ ဦးဒဏ်ရာရ

စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်ဒေသခံ ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကော့ကရိတ်မြို့ ဒေသခံ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့၊ အမှတ်-၂ရပ်ကွက်၊ ဓမ္မာရာမဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယမန် နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်တွင် မြို့တွင်းသို့ တော်လှန်ရေးအင်အားစုများ ဝင်လာသည့် သတင်းကြား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ရာ မြို့ခံပြည်သူ ၂ ဦးနှင့် နန်းကတိုး ကျေးရွာသူတစ်ဦး ကျည်စထိမှန်ခဲ့ ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ပေါ် အလက(၃)ကျောင်းရှေ့အထိ ဆင်းသွားတော့ ဓမ္မာရာမက စစ်ကောင်စီတပ် က လက်ကြီးနဲ့ လှမ်းပစ်တာ နန်းကတိုးက အမျိုးသမီးတစ်ဦးထိတယ်။ ဝင်းကြီးရပ်ကွက်က ဦးဘာဘာနဲ့ သူ့တူမ နှစ်ဦးထိတယ်” ဟု ၎င်းအမည်မ‌ဖော်လိုသူ ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံ ၃ ဦးအနက် ဒဏ်ရာပြင်းထန်သူ အသက် ၆၀ ကျော် ဦးဘာဘာကို ဖားအံ ဆေးရုံ သို့ ပို့ဆောင်ထားရပြီး ကျန်အမျိုးသမီးနှစ်ဦးမှာမူ ကော့ကရိတ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မြို့ခံပြည်သူများက ပြောသည်။

အခြား ကော့ကရိတ်မြို့ခံ တစ်ဦးကလည်း “ဦးဘာဘာက စိုးရိမ်ရလို့ ဖားအံဆင်းသွားပြီး။ ကျန်တဲ့ နှစ်ယောက်က ကော့ကရိတ်မှာပဲ ရှိသေးတယ်။ နန်းကတိုးက အထွေးတော့ ဘယ်ဘက် ဖင်မှာ ကျည်စကျန်တာ ခွဲရမလား မသိ သေးဘူ” ဟု ပြောသည်။

ကော့ကရိတ်မြို့နှင့် မြို့အနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်၏ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိပြီး ထိုသို့ တိုက်ခိုက်ခံရပြီဆိုပါက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန်လည် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် နေအိမ်အဆောက်အအုံ၊ တိရစ္ဆာန်များနှင့် အရပ်သား ထိ‌ခိုက်သေဆုံးမှုများ ရှိခဲ့သည်။

တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသော ကော့ကရိတ်ဒေသခံ အချို့မှာ ယခုအချိန်ထိ ကျေးရွာထဲသို့ ပြန်လာ မနေရသေးသောသူများလည်း ရှိနေသည်။

Most read this week

December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...
December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...