ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်
ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ
ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ၏ အရှေ့တောင်ခြမ်းတွင်ရှိသည့် ပန်ရှီ (Pang Shi) ဆိုသော စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ တပ်စခန်းသည် ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့က စစ်အင်အား အများ အပြားဖြင့် တပ်စွဲနေထိုင်ထားသည့် နေရာဖြစ်ရာ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွှဲ ၃ နာရီဝန်းကျင် အချိန်ခန့်တွင် KIA က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KIA ရှေ့တန်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ပန်ရှီတပ်စခန်းဟုတ်တယ်။ တိုက်ပွဲကတော့ မနေ့ ညနေ ၃ နာရီလောက်ကနေ ဒီမနက် ၅ နာရီလောက်အထိ ဖြစ် တယ်။ အခုတောင် စစ်ကောင်စီဘက်ကနေ ရမ်းပစ်တာတွေရှိသေးတယ်။ ပြီးခဲ့တဲ့ရက်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေ က သူတို့ဘက်နေ စစ်ကြောင်းထိုးဝင်လာလို့ဖြစ်တာ။ အခုက သူတို့စခန်းကို KIA က သွားတိုက်တာ။ အမှန်တော့ အဲ့တပ်စခန်းက KIA က သိမ်းပိုက်ထားတဲ့ စခန်းဖြစ်တယ် အဲ့ဒါကို သူတို့က ပြန်ပြီးတပ်စွဲနေတာကြောင့် သွားပစ် တာဟုတ်တယ်” ဟု ပြောသည်။

ပန်ရှီတပ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်နှင့် SNA တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီး လက်နက် ခဲယမ်းအများအပြားကို သိမ်းယူနိုင်ခဲ့သည့်အပြင် တပ်စခန်းတဲများကိုလည်း မီးရှို့ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့သည်ဟု အဆိုပါ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

KIA တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် ပန်ရှီတပ်စခန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ KIA က သိမ်းပိုက်ထားခဲ့သည့် နေရာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ်တို့က ယခုနှစ်ဆန်းပိုင်း လောက်က တပ်စခန်းပြန်လည် တည်ဆောက်ကာ တပ်ချနေထိုင်လာသည့် နေရာဖြစ်သည်။

ပန်ရှီစစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်သားနှင့် SNA တပ်အချို့ ထွက်ပြေး လွတ်မြောက် သွားသူများရှိသလို ထိခိုက်သေဆုံးမှုများသည်ဟု ပြောဆိုမှုများရှိနေသော်လည်း အတိအကျ မသိရသေးပေ။

ယခု စခန်းသိမ်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ပန်ရှီဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ လက် အောက်ခံ တပ်ရင်း ၂၆ နယ်မြေဖြစ်သည်။

ဩဂုတ်လ ၇ ရက်နေ့တွင်လည်း ဆယ်ဇင်းကျေးရွာ ကြိုးတံတားနား တပ်စွဲထားသည့် SNA တပ်စခန်းတစ်ခုကို KIA က သွားရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဖားကန့်၊ နမ့်မော်၊ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။

ယခုကဲ့သို့ ဖားကန့်ဒေသမှာ KIA ဘက်ကနေ စစ်ကောင်စီတပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်း များ လုပ်ဆောင်နေသည့်အတွက် ၂ ဖက်တပ် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီ ဘက်က KIA တပ်ရင်း ၆ နေရာများဘက်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာနေသည်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...