ရခိုင် ရေငံပုစွန်များ ဝယ်လိုအားကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်

ရခိုင် ရေငံပုစွန်များ ဝယ်လိုအားကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်
မင်းပြားမြို့ရှိ ပုစွန်အဝယ်ဒိုင်တစ်ခုအား ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
မင်းပြားမြို့ရှိ ပုစွန်အဝယ်ဒိုင်တစ်ခုအား ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ရခိုင်ဒေသမှ တင်ပို့သည့် ရေငံပုစွန်များကို ပြည်မဘက်က ဝယ်ယူမှုကျဆင်းနေပြီး ဈေးကောင်းလည်းမရသဖြင့် ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေကြသည်။

ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ စစ်တွေ စသည့်မြို့နယ်များမှ ရေငံပုစွန်များကို ရန်ကုန်သို့ တင်ပို့နေခြင်း ဖြစ်ပြီး ပြီးခဲ့သည့်လမှစပြီး ဝယ်လိုအားကျဆင်းသွားကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“ပုစွန်အရောင်းအဝယ်က အခုနောက်ပိုင်း အဆင်မပြေဘူး။ ဈေးလည်း မရဘူး။ ပြည်မဘက်က ဝယ်လိုအား လည်း အရင်လို မကောင်းတော့ ဒီဘက်ကဒိုင်တွေမှာ အမြတ်မထွက်တဲ့အပြင် အရှုံးလည်းပေါ်သေးတယ်” ဟု ကျောက်ဖြူမြို့မှ ပုစွန်ဒိုင်ပိုင်ရှင် ကိုသန်းမြင့်က ပြောသည်။

ယခင်က အမြင့်ဆုံးဈေးနှုန်း ငွေကျပ် ၅၅,၀၀၀ ရရှိခဲ့သည့် ရေငံပုစွန်တစ်ပိဿာကို လက်ရှိတွင် ငွေကျပ် ၅၀,၀၀၀ ဖြင့် ရောင်းချနေရပြီး ပုစွန်အမျိုးအစားအလိုက် ဈေးနှုန်းမှာ ငွေကျပ် ၅,၀၀၀ ဝန်းကျင်အထိ ကျဆင်း သွားသည်။

စစ်တွေမြို့မှ ပုစွန်ရောင်းဝယ်ရေးဒိုင်ပိုင်ရှင် ကိုအေးထွန်းမောင်က “အခုက ပြည်မဘက်မှာ ပုစွန်တွေ အရင်က လို ဈေးမရလို့ ရခိုင်မှာပဲ ရောင်းလိုက်ကြတာတွေရှိတယ်။ ပြည်မဘက်ကဒိုင်တွေ ပြောတာကတော့ ငွေကြေး အကျပ်အတည်းကြောင့်လို့ ပြောတယ်။ ငွေကြေးလည်ပတ်မှုက ပုံမှန်မဟုတ်တဲ့အတွက် ပုစွန်လည်း အရင်လို ဈေးကောင်းမရတာတွေ ဝယ်လိုအားကျဆင်းတာတွေ ဖြစ်တာ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ပုစွန်ရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။

ယင်းအထဲမှ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့မှ ရေငံပုစွန်များကို ရန်ကုန်သို့ အဓိက တင်ပို့ ရောင်းချနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဝယ်လိုအားကျဆင်းသွားသဖြင့် ပြည်မဘက်သို့ ရေငံပုစွန်များ တင်ပို့ရောင်းချရာတွင် အကြွေး စနစ်ဖြင့် ရောင်းချနေရခြင်းများရှိသည်ဟု တောင်ကုတ်မြို့မှ ပုစွန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ပုစွန်က ရန်ကုန်ကို တစ်လမှာ နှစ်ကြိမ် တင်ပို့ရတယ်။ အရင်ကဆိုရင် ပုစွန်တောင် မတင်ပို့ရသေးဘူး ကြို တင် ငွေ ပေးထားပြီ။ အခုကတစ်ခေါက် တင်ပို့လိုက်တာ ငွေမရဘူး။ နောက်တစ်ခေါက်တင်ပို့မှ ပထမတစ်ခေါက်က ငွေကိုရတယ်။ အဲလိုမျိုး အကြွေးရောင်းနေရတာ။ ဝယ်လိုအားမရှိတာကြောင့် အတင်းရောင်းနေရသလိုမျိုးပေါ့” ဟု ပြောသည်။

ရခိုင်တွင် ဒီရေတောများပြုန်းတီးလာမှုကြောင့် သား၊ ငါး၊ ပုစွန် အစရှိသည့် ရေနေသတ္ တဝါများ တဖြည်းဖြည်း နည်းပါးလာနေပြီး ရေလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းသူများမှာ အခက်ကြုံနေကြသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...