ပလက်ဝမြို့တွင် ရေကြီး၊ မြေပြိုမှုကြောင့် ဘော်ဒါကျောင်းဆောင်နှင့် အိမ် ၁၅ လုံးထက်မနည်း ပျက်စီး

ပလက်ဝမြို့တွင် ရေကြီး၊ မြေပြိုမှုကြောင့် ဘော်ဒါကျောင်းဆောင်နှင့် အိမ် ၁၅ လုံးထက်မနည်း ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်၀မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းကာ ကုလားတန်မြစ်ရေကြီးမှု နှင့် မြေပြိုမှုတို့မှုကြောင့် ပလက်၀မြို့ပေါ်က ဘော်ဒါကျောင်းဆောင်အပါအ၀င် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးမှုရှိခဲ့သည်ဟု ပလက်ဝ ခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (PCSRRC) က ပြောသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး သြဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်ကျော်ကြာ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု ဖြစ်ပွားရာမှာ နေအိမ်ပြိုကျမှု၊ မြေထိန်းနံရံများ ပြိုကျမှုနှင့် နေအိမ်များ ရေမြုပ်ခြင်းတို့ ဖြစ်ခဲ့သည်ဟု PCSRRC မှ ဩဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်သည်။

မြေပြိုမှုကြောင့် ထိခိုပျက်စီးမှုထဲတွင် ပလက်၀မြို့က ပီအီစီ ဘော်ဒါဆောင် ၂ ထပ်ဆောင်လည်းပါ၀င်သည်ဟု  ပိုင်ရှင် Rev. ထွန်းကျော်က ပြောသည်။

“ကျွန်တော်တို့ အသင်းတော်က ဖွင့်တဲ့အဆောင်မှာ ကျောင်းသား ၁၇ ဦးရှိတယ်၊ မိုးက တအားကြီးပြီးတော့လေ တောက်လျှောက် မိုးရွာတော့ ကျွန်တော်တို့ အဆောင်က ၂ ထပ်ရှိတာ လုံးလုံးပြိုပြီးတော့ မြေမှာဝပ်သွားပြီ” ဟု Rev. ထွန်းကျော်က ပြောသည်။

ဘော်ဒါကျောင်းဆောင် မပြိုကျခင် မြေသားအက်ကွဲမှု စတင်ဖြစ်ပွားသည့် အချိန်တွင် ကြိုတင် ပြောင်းရွှေ့နိုင်ခဲ့ သည့် အတွက် လူထိခိုက်မှုမရှိဘဲ ဘေးကင်းရာ အိမ်မှာ ကျောင်းစာသင်ခန်းစာကိုလည်း ဆက်လက်သင်ကြား လျက်ရှိနေကြောင်း  Rev. ထွန်းကျော်က ဆက်ပြောသည်။

ထိုသို့ ရေကြီးမြေပြိုမှုများကြောင့် ပီအီစီ ဘော်ဒါဆောင် နှင့် ဧဝံဂေလိမက်သဒစ် ဘော်ဒါဆောင် အဆောက်အအုံ ၂ လုံး နှင့် လူနေအိမ် ၅ လုံးပြိုကျပျက်စီးသည့်အပြင် လူနေအိမ် ၁၀ လုံး၏ မြေထိန်းနံရံများ ပြိုကျ ပျက်စီး ခဲ့သည်ဟု ဆိုသည်။

ရေတိုက်စားမှု ကာကွယ်နိုင်ရန် ဆောက်လုပ်ထားသည့် မြေထိန်းနံရံ၊ ခြံစည်းရိုး ပြိုကျမှုအပါဝင်၊ မိုးရွာသွန်း မှု ကြောင့် မြေပြိုရာတွင် ထိခိုက်ပျက်စီးသွားသော ဝါး နှင့် ပျဥ်တို့ဖြင့် ဆောက်ထားသည့် လူနေအိမ်များ၏  ပျက်စီးမှုမှာ ငွေသားပမာဏအားဖြင့် ကျပ်သိန်း ၈၀၀ ကျော်ခန့် တန်ဖိုးရှိကြောင်း  ပလက်ဝခရစ်ယာန်လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (PCSRRC) က ဆိုသည်။

ယခုကဲ့သို့ တစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် ကုလားတန်မြစ်ရေမှာ ပေ ၄၀ ကျော်ခန့် မြင့်တက်လာ ပြီး မြစ်ကမ်းနားရှိ အဆောက်အအုံများနှင့် ပလက်ဝမြို့၊ မြို့မရပ်ကွက် စိုက်ပျိုးရေးကွင်းတွင် ယာယီတဲများဖြင့် နေထိုင်ကြသည့် စစ်ဘေးရှောင်များ၏ နေအိမ်များမှာ ရေမြုပ်သွားခြင်းကြောင့် ဘေးလွတ်ရာ အိမ်များသို့ ဝင်ရောက် ခိုလုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

မိုးများပြီး မြေပြိုကျမှုနှင့် ကုလားတန်မြစ်ရေ ကြီးမှုတို့ကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် မြေထိန်းနံရံများ ပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေကြရပြီး ကူညီထောက်ပံ့မှုပေးကြရန် ပလက်ဝခရစ်ယာန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ က တောင်းဆိုထားသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...