ရခိုင်တွင် သုံးရက်အတွင်း စက်လှေတိမ်းမှောက်၍ လူအသေအပျောက် လေးဦးရှိ

ရခိုင်တွင် သုံးရက်အတွင်း စက်လှေတိမ်းမှောက်၍ လူအသေအပျောက် လေးဦးရှိ
မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ရေနစ်သေဆုံးခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်း။ ဓာတ်ပုံ - ပေးပို့
မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ရေနစ်သေဆုံးခဲ့သည့် သားအမိ ၂ ဦး၏ ရုပ်အလောင်း။ ဓာတ်ပုံ - ပေးပို့

မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ချောင်းများတွင် ဒီရေမြင့်တက်ကာ ရေကြီးရေလျှံနေခြင်းကြောင့် ရခိုင်ပြည်က မြို့နယ်အချို့တွင် ဩဂုတ်လ ၅ ရက်မှ ၇ ရက်နေ့ထိ သုံးရက်အတွင်း ရေနစ်သေဆုံးသူနှစ်ဦးနှင့် ပျောက်ဆုံးနေသူ နှစ်ဦးရှိကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသွားသူနှစ်ဦးမှာ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာကဖြစ်ပြီး ပျောက်ဆုံးနေသူနှစ်ဦးမှာ ကျောက်တော် မြို့နယ်၊ ငတပေါင်းကျေးရွာနှင့် အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာက ဖြစ်သည်။

ဩဂုတ် ၆ ရက်နေ့က မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာက သားအမိသုံးဦးမှာ သာစည်ကျေးရွာမှ ပြန်လာစဉ် ညနေ ၅ နာရီကျော်တွင် လမ်းခုလတ်၌ ရေစီးနှင့်မျှောပါပြီး နှစ်ဦးသေဆုံးသွားခဲ့သည်။ သေဆုံးသွားသူနှစ်ဦးမှာ အသက် ၃၀ အရွယ် ဒေါ်ဝင်းတင်ကြည်နှင့် အသက် ၃ နှစ်အရွယ် မောင်မျိုးဝင်းကို တို့ဖြစ်သည်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ကိုမောင်နှောင်းက “အဲဒီလမ်းမှာ ရေပေါက်ခေါင်းရှိတယ်။ ရေပေါက် ခေါင်းက ရေတွေပြည့်လျှံလာပြီး ရေအတက်အကျ ပြင်းပြီး တော့ ရေစီးနဲ့မျောပါပြီး ရေနစ်သွားတာ” ဟု ပြော သည်။

ကျောက်တော်မြို့နယ်တွင်လည်း ဩဂုတ်လ ၇ ရက်နေ့က ငတပေါင်းကျေးရွာသားလေးဦးမှာ သဲချောင်းကျေးရွာ ချောင်းကြောင်းသို့အဝင်တွင် စက်လှေတိမ်းမှောက်ပြီး အမျိုးသားတစ်ဦး ရေစီးနှင့်မျှောပါ ပျောက်ဆုံးနေသည်။ ပျောက်ဆုံးနေသူမှာ ငတပေါင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးဦးစောလှဖြစ်သည်။

“ရေစီးပြင်းတာကြောင့် သဲချောင်းအဝင်မှာ သစ်ပင်နဲ့တိုက်မိပြီး စက်လှေမှောက်သွားတယ်။ အဖေက ရေထဲမှာ နှစ်ခေါက်ပေါ်ပြီး ပျောက်သွားတယ်။ ကျနော်လည်း လိုက်ပြီးရှာသေးတယ်။ အခုထိ မတွေ့သေးဘူး” ဟု ပျောက်ဆုံးနေသူ၏သား ကိုဝင်းမိုးအောင်က ပြောသည်။

ယင်းအပြင် အမ်းမြို့နယ်၊ ကဇူကိုင်းအုပ်စုရှိ ဂျိတ်ချောင်းကျေးရွာမှ ဒေသခံခုနစ်ဦးမှာလည်း ဩဂုတ်လ ၅ ရက်၊   နံနက် ၉ နာရီအချိန်တွင် ဒါးလက်ကျေးရွာသို့သွားစဉ် စက်လှေတိမ်းမှောက်၍ ရေစီးနှင့်မျှောပါသွားသည့် အမျိုးသားတစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပျောက်ဆုံးနေသူမှာ ဂျိတ်ချောင်းကျေးရွာမှ အသက် (၃၂) နှစ်အရွယ် ဦးမောင်မောင်စိုးဖြစ်သည်။ ၎င်း၏ ယောက်ဖဖြစ်သူ ကိုညီချေက  “ဒီဘက်မှာ မိုးတွေလည်း အရမ်းရွာပြီး ရေစီးပြင်းနေတယ်။ ပျောက်နေတာက ၅ ရက် လောက်ရှိနေပြီ။ ကျနော်တို့ စက်လှေတွေနဲ့ ပတ်ပြီးရှာနေတာ အခုထိမတွေ့သေးဘူး” ဟု ပြောသည်။

ယခုလဆန်းပိုင်းကစပြီး မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်ခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်နေသော ရခိုင်ပြည်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ လူဦးရေ ခုနစ်ထောင်နီးပါးမှာ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းနေကြရသည်။

မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ ညနေ (၄) နာရီ ထုတ်ပြန်ချက်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပြီး ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်အထိ ခန့်မှန်းချက်အရ ရခိုင်ပြည်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်း ကျရောက်၍ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...