တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

တစ်ပတ်အတွင်း တောင်ကြီးခရိုင် လူငယ် ၁၅ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးခရိုင်ရှိ ရွာငံမြို့နယ်၊ ပင်းတယမြို့နယ် နှင့် ရပ်စောက်မြို့နယ်တို့မှ ဒေသခံ လူငယ် ၁၅ ဦးထက်မနည်းကို တော်လှန်ရေး နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့ အထိ ဒေသအတွင်းရှိ စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများသည် သေနတ်ကိုယ်စီဖြင့် လူငယ်များကို လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၆ ရက်နေ့တွင် ရပ်စောက်မြို့နယ် ကောင်းဘိုရွာမှ မိသားစုတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့ထံ ထောက် ပံ့နေသည်ဆိုသော စွပ်စွဲချက်ဖြင့် အိမ်သားအားလုံးကို ဖမ်းဆီးသွားကြောင်း အမည် မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PDF တွေကို ထောက်ပို့ လုပ်ပေးနေတယ်ဆိုပြီး လာဖမ်းတာတဲ့၊ အမှန်တော့ ပျူစောထီးက လုပ်ကြံပြီး ပြောတာ ပါ၊ သူတို့ သာမာန် မိသားစုပါပဲ၊ အဖေ အမေ နဲ့ သားနှစ်ယောက် အားလုံးကို ဖမ်းသွားပြီးတော့ အိမ်ကိုလည်း သစ်သားပြား နဲ့ ကြက်ခြေခတ် ပိတ်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူများသည် ဒေသအတွင်း ပျူစောထီးများ၏ မလိုမုန်းတီးမှုများကြောင့် မဟုတ်မှန် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပင်းတယမြို့နယ်မှ အသက် ၂၀ ကျော် လူငယ် ၃ ဦး နှင့် ရွာငံမြို့နယ်မှ ဒေသခံ အမျိုးသား ၈ ဦး ထက် မနည်းကို ဓနုပြည်သူ့ တော်လှန်ရေးတပ်ဦး (DPLF) နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးသွား ကြောင်းလည်း ဒေသခံများက ဆိုသည်။

“DPLF ဖွဲ့စည်းကြောင်း ထုတ်ပြန်လာပြီးတဲ့နောက်မှာ ပင်းတယဘက်ကို စစ်ကောင်စီ စစ်ကြောင်း ပိုများလာ တယ်။ အရင်က ရွာငံဘက်စခန်းချနေတဲ့ တပ်ဖွဲ့ကလည်း ပင်းတယဘက်ကို ရောက်လာကြတယ်။ ဖမ်းဆီးခံ သွား ရတဲ့သူတွေထဲက တချို့ကလည်း မိသားစုဝင်နဲ့ အဆက်အသွယ်မရ၊ တွေ့ခွင့်မရကြဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓနုပြည်သူ့တော်လှန်ရေးတပ်ဦး (DPLF) ဖွဲ့စည်းကြောင်းကို ဇူလိုင်လ (၂၉) ရက်နေ့တွင် ထုတ်ပြန်လာပြီးသည့် နောက် စစ်ကောင်စီတပ်ဖွဲ့သည် ပျူစောထီးများကို သေနတ်နှင့် ကျည်ဆန် ပေးအပ်မှု ပိုမိုများလာကြောင်းလည်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့မှာလည်း ရွာငံမြို့နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား (၄) ဦးကို DPLA နှင့် ပတ်သက်မိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားသည့်အပြင် နေအိမ်ကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့သည်။

စစ်အာဏာသိမ်းမှု မရှိခင် အချိန်တွင် ရွာငံမြို့နယ်၊ ပင်းတယမြို့နယ်တို့သည် စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိ သည့် ငြိမ်းချမ်းသည့် ဒေသများ ဖြစ်ခဲ့သော်လည်း စစ်အာဏာက သိမ်းနောက်ပိုင်းတွင် စစ်ကောင်စီတပ် အပြင် ပျူစောထီး နှင့် စစ်ကောင်စီ သတင်းပေး ဒလန်များကြောင့် ပြည်သူများ ဖမ်းဆီးခံရမှုမှာ တနေ့တခြား များပြား လာကြောင်း ဒေသခံများက ဆိုသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...