ရေကြီးမှုကြောင့် မြောက်ဦးတွင် ကျွဲ၊ နွား ၁၀၀ ထက်မနည်း ပျောက်ဆုံးနေ

ရေကြီးမှုကြောင့် မြောက်ဦးတွင် ကျွဲ၊ နွား ၁၀၀ ထက်မနည်း ပျောက်ဆုံးနေ

ရခိုင်ပြည်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်၍ ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်သော ကြောင့် မြောက်ဦးမြို့နယ်တွင် ကျွဲ၊ နွား အကောင်ရေ ၁၀၀ ကျော် ရေနှင့်မျောပါသွားပြီး ပျောက်ဆုံးလျက်ရှိ သည်။

ပျောက်ဆုံးနေသည့် ကျွဲ၊ နွားများမှာ လေညှင်းတောင်ကျေးရွာမှ ၄၀ ခန့်၊ ညောင်ပင်လှကျေးရွာမှ ၃၀ ကျော်နှင့် ဆင်ဆိုးချေကျေးရွာမှ ၄၀ ခန့်တို့ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူများ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

လေညှင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောသန်းက “ကျွဲ၊ နွားတွေကို ကျွန်းမှာစုပြီး ထားထားတာ။ ရေက တစ်ညတည်းနဲ့ တဟုန်ထိုးတက်လာပြီး အကုန်လုံးပါသွားတာ။ ရှာတွေ့တာလည်း တွေ့ပါတယ်၊ ရှာမတွေ့ တာတွေလည်း အများကြီးပါ။ အခုတော့ ရေပြန်ကျသွားပါပြီ” ဟု ပြောသည်။

ဩဂုတ်လ ၆ ရက်နေ့ ညအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေးမြို့မြစ်ရေ တဟုန်ထိုး မြင့်တက် လာမှုကြောင့် လေးမြို့မြစ်လယ်ရှိ ဗြုတ်ချောင်းကျွန်းတွင် ကျွဲ၊ နွား အကောင်ရေ ၅၀၀ ခန့်ကို တစ်စုတည်း ထား ခဲ့ရာမှ ရေကြီးမှုကြောင့် ကျွဲ၊ နွား အကောင်ရေ ၂၀၀ ခန့်မှာ ရေနှင့်အတူ မျောပါသွားခဲ့သည်။

ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင် မြစ်ရေကျသွား၍ ဒေသခံများမှာ ပျောက်ဆုံးနေသည့် ကျွဲ၊ နွားများအား စက် လှေများဖြင့် လိုက်လံရှာဖွေခဲ့ကြရာ အကောင်ရေ ၁၀၀ ခန့်အား မင်းပြားမြို့နယ် ချောင်းလက်တက်အချို့တွင် ပြန်တွေ့ခဲ့သော်လည်း ကျန် ၁၀၀ ခန့်မှာ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ညောင်ပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက “ပြန်တွေ့တဲ့ နွားတချို့မှာ ဒဏ်ရာတွေပါတယ်။ ရေနဲ့ မျောပါသွားတော့ သစ်တုံးတွေနဲ့ တိုက်မိတာဖြစ်မှာပါ။ ဒဏ်ရာတွေကတော့ ကြီးကြီးမားမား ရသွားတာတွေ မရှိ ပါဘူး။ ကျန်တဲ့နွားတွေက ရှာမတွေ့တော့ဘူး။ သေတဲ့နွားတွေ တွေ့ရတယ်လို့လည်း ကျနော့်ဆီကို သတင်း ရောက်ပါတယ်” ဟု ပြောသည်။

လေးမြို့မြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ မြောက်ဦးမြို့နယ်တွင် ၈၁၀ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၇ ရက် နေ့လယ်ခင်းက ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၇ နာရီခွဲတွင် လေးမြို့မြစ်ရေမှာ မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်တွင် ရောက်ရှိနေပြီး နောက် တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းခဲ့သည်။

နွားငါးကောင်ပျောက်နေသည့် ဆင်အိုးချေကျေးရွာမှ မရီရီကျော်က “လယ်မှာ အရင်းအနှီးလိုအပ်ရင်လည်း နွားတွေကိုရောင်းပြီး လိုအပ်တာကို ဝယ်တယ်။ စက်နဲ့လယ်ထွန်တဲ့အခါ စက်ပျက်သွားရင်လည်း နွားတွေကို အသုံးပြုရတာရှိတယ်။ အခုဆိုရင် ကျမတို့မှာ စပါးတောင် မစိုက်ရသေးဘူး။ နွားတွေ အခုလို ရေနဲ့ မျောပါပြီး ပျောက်သွားတော့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု ပြောသည်။

ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေသော ရခိုင်ပြည်အတွင်းက အခြားမြို့နယ်များတွင် ကျွဲ၊ နွားများကို ဘေးကင်း လုံခြုံရာသို့ ရွှေ့ပြောင်းထားကြသည့်အတွက် အသေအပျောက် မရှိသလောက်နည်းပါးကြောင်း ဒေသခံများက ပြောသည်။

ယခုလဆန်းပိုင်းကစပြီး မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူး သီးတောင်နှင့် မောင်တော မြို့နယ်တို့မှ လူဦးရေခုနစ်ထောင်နီးပါးမှာ ရေဘေးလွတ်ရာသို့ ယာယီရွေ့ပြောင်း နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ကျွဲ၊ နွား စုစုပေါင်း ၁၅,၃၈၈ ကောင် သေဆုံးခဲ့ကြောင်း အာရက္ခ အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ (Cyclone Mocha ERRCA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပုံစာ - မြောက်ဦးမြို့နယ်၊ ဥက္ကံကျေးရွာက ကျွဲများကို ဩဂုတ်လ ၂ ရက်နေ့က တွေ့ရစဉ်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...