ရခိုင်က ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေးများ ထောက်ပံ့ကြေးမရဘဲ နှစ်ချီကြာမြင့်လာ

ရခိုင်က ကိုယ်ဝန်ဆောင်နှင့် ၂ နှစ်အောက်ကလေးများ ထောက်ပံ့ကြေးမရဘဲ နှစ်ချီကြာမြင့်လာ

ရခိုင်ပြည်က မြို့နယ်အချို့တွင် လူမှုဝန်ထမ်းဦးစီးဌာနက လစဉ်ထောက်ပံ့သည့် ကိုယ်ဝန်ဆောင်နှင့် အသက် ၂ နှစ်အောက် ကလေးများ ထောက်ပံ့ငွေ မရသည်မှာ နှစ်ချီကြာလာနေပြီဖြစ်သည်ဟု ကလေးမိခင်များက ပြော သည်။

“ကျမကိုယ်ဝန်စဆောင်ကတည်းကနေ အခုထိ မရသေးတာပါ။ အုပ်ချုပ်ရေးမှူးကနေတဆင့် စာရင်းတင်ထား ပေမဲ့လည်း အခုထိမရသေးပါဘူး။ ဘာကြောင့်မရသေးလဲဆိုတာကို ကျမလည်း အတိအကျမသိဘူး” ဟု ကျောက်ဖြူမြို့ခံ ကလေးမိခင်တစ်ဦးက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန် အတွက် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို တစ်လလျှင် ငွေကျပ် ၃၀,၀၀၀၊ ၂ နှစ်အောက် ကလေးတစ်ဦးကို တစ်လလျှင် ငွေကျပ် ၁၅,၀၀၀ စီ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လစဉ်ထောက်ပံ့နေခြင်း ဖြစ်သည်။

ထောက်ပံ့ငွေကို သုံးလတစ်ကြိမ် (သို့မဟုတ်) တစ်လတစ်ကြိမ်စီ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ဆိုင် ရာမြို့နယ် ကျန်းမာရေးဌာနအလိုက် ထုတ်ပေးခြင်းဖြစ်သော်လည်း ၂၀၂၂ နှစ်လယ်ပိုင်းမှစပြီး မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ပေါက်တော စသည့် မြို့နယ်တို့တွင် အဆိုပါအစီအစဉ်မှာ ရပ်ဆိုင်းနေကြောင်း ကလေးမိခင်များက DMG ကို ပြောသည်။

ကျောက်တော်မြို့၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်ထွေးထွေးက “ထောက်ပံ့ငွေတစ်ခု လစဉ်ပုံမှန်ရနေ တော့ ဘယ်လိုပဲပြောပြော ကလေးအတွက် ထမင်းဗူး၊ အားဆေးတွေ ဖူဖူလုံလုံ ဝယ်တိုက်နိုင်တယ်။ မရရင်တော့ လည်း မိဘတွေ အဆင်ပြေသလောက်ပဲ ဝယ်နိုင်ပါတယ်” ဟု ပြောသည်။

ထောက်ပံ့ငွေရရှိရေးအတွက် မြောက်ဦးမြို့နယ်က ဒေသခံများမှာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနထံ ၂၀၂၂  ဩဂုတ် လတွင် တစ်ကြိမ်နှင့် ၂၀၂၃ မတ်လတွင်တစ်ကြိမ် စာရင်းသွင်းထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း ပြောကြသည်။

မြောက်ဦးမြို့နယ် ရွှေကျင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်တင်က “အရင်နှစ်ကတော့ ဟိုလပေးမယ် ပြော လိုက်၊ ဒီလပေးမယ်လို့ပြောလိုက်နဲ့ ရလည်းမရခဲ့ဘူး။ အခုနောက်ပိုင်းတော့ ဘာမှမကြားမိတော့ဘူး။ ကိုယ်ဝန် ဆောင်တွေ၊ ကလေးမိခင်တွေကတော့ လိုချင်ကြတာပေါ့။ မရတော့ဘူးဆိုရင်လည်း မရတဲ့အကြောင်းကို ပြော ရင် ကျနော်တို့က ကျေနပ်တယ် ” ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော် ကို DMG က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြောက်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းကြည့်ရာ “အတိအကျ တော့ မသိရသေးဘူး။ ဒါပေမဲ့ ဒီနှစ် စက်တင်ဘာ၊ အောက်တိုဘာလမှာ ပေးမယ်လို့တော့ ကြားပါတယ်။ အရင် မပေးခဲ့တဲ့လအတွက် အစားထိုးရ/မရကိုတော့ ကျမတို့လည်း မသိပါဘူး” ဟု ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ် (Maternal and Child Cash Transfer – MCCT) ကို အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများမြင့်မားနေသော ဒေသများတွင် ၂၀၁၇ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

MCCT အစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ချင်းပြည်နယ် တွင် ဦးစွာဆောင်ရွက်ခဲ့ပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ဒေသတွင် ဦးစားပေးဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...