ကယ်ဆယ်ရေးလုပ်ငန်းပြီးလျှင် စစ်တွေအိန္ဒိယဆိပ်ကမ်းကို အသုံးပြုခွင့်ပေးမည်

ကယ်ဆယ်ရေးလုပ်ငန်းပြီးလျှင် စစ်တွေအိန္ဒိယဆိပ်ကမ်းကို အသုံးပြုခွင့်ပေးမည်

ရခိုင်ပြည်တွင် မိုခါကယ်ဆယ်ရေးလုပ်ငန်းစဉ် ပြီးဆုံးပါက စစ်တွေမြို့က အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ကမ်းကပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အိန္ဒိယဆိပ်ကမ်း၌ မုန်တိုင်းသင့်ရခိုင်ဒေသအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာ သည့် သင်္ဘောများ ဆိပ်ကပ်နေပြီး ပြည်တွင်းသင်္ဘောများ ဆိပ်ကပ်နိုင်ရေး အခက်အခဲရှိနေသေးသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက “လောလောဆယ် ဆိုက်ကပ်လို့မရေးသေးဘူး ဆို တာက ကယ်ဆယ်ရေးသင်္ဘောတွေက ဖောင်တော်ကြီးဆိပ်ကမ်းနဲ့ ကုလားတန်ဆိပ်ကမ်းမှာ အလုပ်ရှုပ်နေကြ တယ်။ ဒီကိစ္စတွေ ပြီးသွားရင်တော့ ပုဂ္ဂလိကသင်္ဘောတွေ ကပ်လို့ရမယ့် အခြေအနေရှိတယ်” ဟု DMG ကို ပြောသည်။

အိန္ဒိယဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးက “မြေပြင်မှာက လောလောဆယ် လေမုန်တိုင်းကိစ္စကြောင့် ကယ်ဆယ် ရေးသင်္ဘောတွေ အရောက်များနေတဲ့အခါ ဆိုက်ကပ်နိုင်ဖို့ နည်းနည်းအခက်အခဲ ရှိနေသေးတယ်။ ဒါပေမယ့် ဆိပ်ကမ်းအာဏာပိုင်က အမှန်တကယ် ပွင့်ပွင့်လင်းလင်းပြောလာရင်တော့ လက်တွေ့ဖြစ်လာတော့မယ်” ဟု ပြောသည်။

လတ်တလောတွင် ပြည်တွင်းကုန်သင်္ဘောများမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း တို့တွင် ကမ်းကပ်ခွင့်နေပြီး ကုန်တင်ကုန်ချ အချိန်ကြန့်ကြာမှုကြောင့် အချို့သင်္ဘောများမှာ ဆတ်ရိုးကျချောင်းအတွင်း ကိုယ်ပိုင်ဆိပ်ကမ်း တည်ဆောက်၍ ကမ်းကပ်နေကြသည်။

ထို့ကြောင့် အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်အသုံးပြုခွင့်ရရှိရေးကို ကုန်သည်များနှင့် ကမ်း ရိုးတန်းသင်္ဘောပိုင်ရှင်များက လိုလားနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း သင်္ဘောပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးရွှေကျော်က “ဆိပ်ကမ်းခကတော့ အစိုးရနှုန်း ထား အတိုင်းပါပဲ၊ သိပ်မများပါဘူး။ ဒါပေမယ့် ကုန်တင်ချတဲ့အခါ မြန်ဆန်မှာဖြစ်ပေမယ့် သူတို့ကရိန်းကို သုံး မယ်ဆိုတဲ့အခါ ဈေးများလို့ တွက်ခြေမကိုက်ဘူး။ သူတို့ကရိန်းကိုမသုံးဘဲ ကိုယ့်အလုပ်သမားတွေနဲ့ ကုန်တင် ကုန်ချလုပ်မယ်ဆိုရင် ရနိုင်မလား။ အဲဒီအပိုင်းကို ညှိဖို့တော့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

အိန္ဒိယဆိပ်ကမ်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အိန္ဒိယ - မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ ဖွင့်လှစ်ခဲ့ပြီးနောက် စတင်လည်ပတ်နေပြီဖြစ်သော်လည်း မိုခါမုန်တိုင်းကြောင့် လုပ်ငန်းစဉ်တစ်ချို့ ကြန့်ကြာနေခြင်းဖြစ်သည်။

အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးအစီအစဉ်နှင့် ဆောင်ရွက်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံ ကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်မှာ တန်ချိန် ၅ ထောင်မှ ၆ ထောင်ရှိ သင်္ဘောကြီးများ ကပ်နိုင်မည် ဖြစ်သည်။

ကုလားတန်စီမံကိန်းတွင် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ (၄၈၄) သန်း ရင်းနှီးမြှုပ်နှံထားပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ၊ ကာလကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ် ရေကြောင်းမှ တဆင့် ဆက်သွယ်မည့်စီမံကိန်းဖြစ်ကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ချင်း ပြည်နယ်၊ ပလက်ဝဆိပ်ကမ်းမှ တဆင့် ကားလမ်းနှင့် ချိတ်ဆက် သွားမည့်စီမံကိန်းလည်း ဖြစ်သည်။

Most read this week

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...