ကယ်ဆယ်ရေးလုပ်ငန်းပြီးလျှင် စစ်တွေအိန္ဒိယဆိပ်ကမ်းကို အသုံးပြုခွင့်ပေးမည်

ကယ်ဆယ်ရေးလုပ်ငန်းပြီးလျှင် စစ်တွေအိန္ဒိယဆိပ်ကမ်းကို အသုံးပြုခွင့်ပေးမည်

ရခိုင်ပြည်တွင် မိုခါကယ်ဆယ်ရေးလုပ်ငန်းစဉ် ပြီးဆုံးပါက စစ်တွေမြို့က အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်း ကမ်းရိုးတန်းသင်္ဘောများ ကမ်းကပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အိန္ဒိယဆိပ်ကမ်း၌ မုန်တိုင်းသင့်ရခိုင်ဒေသအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာ သည့် သင်္ဘောများ ဆိပ်ကပ်နေပြီး ပြည်တွင်းသင်္ဘောများ ဆိပ်ကပ်နိုင်ရေး အခက်အခဲရှိနေသေးသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက “လောလောဆယ် ဆိုက်ကပ်လို့မရေးသေးဘူး ဆို တာက ကယ်ဆယ်ရေးသင်္ဘောတွေက ဖောင်တော်ကြီးဆိပ်ကမ်းနဲ့ ကုလားတန်ဆိပ်ကမ်းမှာ အလုပ်ရှုပ်နေကြ တယ်။ ဒီကိစ္စတွေ ပြီးသွားရင်တော့ ပုဂ္ဂလိကသင်္ဘောတွေ ကပ်လို့ရမယ့် အခြေအနေရှိတယ်” ဟု DMG ကို ပြောသည်။

အိန္ဒိယဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးက “မြေပြင်မှာက လောလောဆယ် လေမုန်တိုင်းကိစ္စကြောင့် ကယ်ဆယ် ရေးသင်္ဘောတွေ အရောက်များနေတဲ့အခါ ဆိုက်ကပ်နိုင်ဖို့ နည်းနည်းအခက်အခဲ ရှိနေသေးတယ်။ ဒါပေမယ့် ဆိပ်ကမ်းအာဏာပိုင်က အမှန်တကယ် ပွင့်ပွင့်လင်းလင်းပြောလာရင်တော့ လက်တွေ့ဖြစ်လာတော့မယ်” ဟု ပြောသည်။

လတ်တလောတွင် ပြည်တွင်းကုန်သင်္ဘောများမှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ စစ်တွေဆိပ်ကမ်း၊ ရွှေမင်းဂံဆိပ်ကမ်း တို့တွင် ကမ်းကပ်ခွင့်နေပြီး ကုန်တင်ကုန်ချ အချိန်ကြန့်ကြာမှုကြောင့် အချို့သင်္ဘောများမှာ ဆတ်ရိုးကျချောင်းအတွင်း ကိုယ်ပိုင်ဆိပ်ကမ်း တည်ဆောက်၍ ကမ်းကပ်နေကြသည်။

ထို့ကြောင့် အိန္ဒိယဆိပ်ကမ်းတွင် ပြည်တွင်းသင်္ဘောများ ဆိုက်ကပ်အသုံးပြုခွင့်ရရှိရေးကို ကုန်သည်များနှင့် ကမ်း ရိုးတန်းသင်္ဘောပိုင်ရှင်များက လိုလားနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ကမ်းရိုးတန်း သင်္ဘောပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးရွှေကျော်က “ဆိပ်ကမ်းခကတော့ အစိုးရနှုန်း ထား အတိုင်းပါပဲ၊ သိပ်မများပါဘူး။ ဒါပေမယ့် ကုန်တင်ချတဲ့အခါ မြန်ဆန်မှာဖြစ်ပေမယ့် သူတို့ကရိန်းကို သုံး မယ်ဆိုတဲ့အခါ ဈေးများလို့ တွက်ခြေမကိုက်ဘူး။ သူတို့ကရိန်းကိုမသုံးဘဲ ကိုယ့်အလုပ်သမားတွေနဲ့ ကုန်တင် ကုန်ချလုပ်မယ်ဆိုရင် ရနိုင်မလား။ အဲဒီအပိုင်းကို ညှိဖို့တော့ စဉ်းစားထားပါတယ်” ဟု ပြောသည်။

အိန္ဒိယဆိပ်ကမ်းကို ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အိန္ဒိယ - မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ ဖွင့်လှစ်ခဲ့ပြီးနောက် စတင်လည်ပတ်နေပြီဖြစ်သော်လည်း မိုခါမုန်တိုင်းကြောင့် လုပ်ငန်းစဉ်တစ်ချို့ ကြန့်ကြာနေခြင်းဖြစ်သည်။

အိန္ဒိယ - မြန်မာ ချစ်ကြည်ရေးအစီအစဉ်နှင့် ဆောင်ရွက်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံ ကိန်း၏ တစိတ်တပိုင်းဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်မှာ တန်ချိန် ၅ ထောင်မှ ၆ ထောင်ရှိ သင်္ဘောကြီးများ ကပ်နိုင်မည် ဖြစ်သည်။

ကုလားတန်စီမံကိန်းတွင် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ (၄၈၄) သန်း ရင်းနှီးမြှုပ်နှံထားပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ၊ ကာလကတ္တားဆိပ်ကမ်းနှင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည် စစ်တွေဆိပ်ကမ်းတို့ကို ပင်လယ် ရေကြောင်းမှ တဆင့် ဆက်သွယ်မည့်စီမံကိန်းဖြစ်ကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်သို့ ချင်း ပြည်နယ်၊ ပလက်ဝဆိပ်ကမ်းမှ တဆင့် ကားလမ်းနှင့် ချိတ်ဆက် သွားမည့်စီမံကိန်းလည်း ဖြစ်သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...