မဆာတွီမှာ နားသွားသော စစ်ကောင်စီတပ်က ကျေးရွာပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီး

မဆာတွီမှာ နားသွားသော စစ်ကောင်စီတပ်က ကျေးရွာပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာနေပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခဲ့သည့်အပြင် အချို့ပစ္စည်းများကိုလည်း ယူသွားကြသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက် တာဝန်ရှိသူများက ပြောသည်။

အင်အား ၃၀၀ ကျော်ပါသည် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ယာဉ်တန်းသည် မဆာတွီကျေးရွာတွင် နှစ် ရက်အကြာ နေသွားစဉ် ကျေးရွာပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် ယူသွားခြင်းတို့ကို ပြုလုပ်သွား ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက် တာဝန်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက “ဘာသာရေးနဲ့ ကျောင်းအဆောက်အအုံ အတွင်းက ပရိဘောဂတွေ စာရေးကိရိယာတွေ၊ မီးစက်၊ ဘက်ထရီ၊ ဆိုလာတွေ ယူသွားကြတာပါ။ ပြည်သူ နေ အိမ်အတွင်းက သေတ္တာ၊ စတီခုံတွေလည်း ယူသွားကြတယ်။ ကျောင်းပိုင်ပစ္စည်းလည်း အကုန်ပျောက်ကုန်တယ်။ အိမ်မွေးတိရစ္ဆာန်တွေ သတ်ဖြတ် စားသောက်မှုကတော့ အရေတွက်မသိရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် မဆာတွီကျေးရွာမှ ဘာသာရေး အဆောက်အအုံများ, စာသင်ကျောင်းများနှင့် နေအိမ်များ ကို ဖျက်စီးမှုများ ပြုလုပ်သွားပြီး အရပ်သားပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြသည်ဟု ဆို သည်။

ဒေသခံပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်မှု၊ ပိုင်ဆိုင်မှုများကို ယူဆောင်သွားမှုများ နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ စစ်ရှောင်ပြေးနေရသော ရွာသားများ ပြန်လာမှသာ သိရှိနိုင်မည်ဟု ဆိုသည်။

၎င်းစစ်ကြောင်းသည် စစ်ကားအစီး ၂၀ ကျော်၊ အင်အား ၃၀၀ ကျော်ဖြင့် ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် ဇူလိုင်လ ၁၆ ရက်နေ့မှ စတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ဇူလိုင် ၂၁ ရက်နေ့က မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာကြား ၎င်းစစ်ကောင်စီစစ်ကြောင်းနှင့် ချင်းပူး ပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ ထိခိုက်သေဆုံးမှုများ ရှိသည်ဟု CDF - ကန်ပက်လက် က ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၄ ရက်နေ့က မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ၇ ဦးခန့် သေဆုံးပြီး ချင်းကာကွယ်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်မှ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ကန်ပက်လက်တွင် အင်အားအများအပြားနှင့် စစ်ကောင်စီ၏ စစ်မျက်နှာ ၂ ခုကို ရင်ဆိုင်နေရသော ချင်းပူးပေါင်း တပ်များသည် တိုက်ပွဲရက်ရှည်လာသည်နှင့်အမျှ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် အခြားသော အကူအညီများ လိုအပ် နေသည်။

ကျင်ဒွေးသို့ ရိက္ခာပို့ရန် ဇူလိုင် ၁၄ ရက်နေ့ကတည်းက စတင်ထွက်ခွါလာသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် လှိုင်ဒုတ်ကျေးရွာသစ်နားသို့ ရောက်ရှိပြီဖြစ်ကာ တိုက်ပွဲများ ဆက်လက် ပြင်းထန် ဖွယ်ရှိနေသည်။

August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...
August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...