မုန်တိုင်းသင့်ဒေသသို့ ဝင်ရောက်ကူညီခွင့် ကန့်သတ်ခံထားရဆဲဟု ကုလ ထုတ်ပြန်

မုန်တိုင်းသင့်ဒေသသို့ ဝင်ရောက်ကူညီခွင့် ကန့်သတ်ခံထားရဆဲဟု ကုလ ထုတ်ပြန်
မုန်တိုင်းဒဏ်သင့်ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ကို ဇွန်လ ၈ ရက်နေ့ကစ၍ စစ်ကောင်စီက ရပ်ဆိုင်းထားသည်။ ဓာတ်ပုံ - UNDP
မုန်တိုင်းဒဏ်သင့်ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ကို ဇွန်လ ၈ ရက်နေ့ကစ၍ စစ်ကောင်စီက ရပ်ဆိုင်းထားသည်။ ဓာတ်ပုံ - UNDP

ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အကူအညီပေးရေးကို နှစ်လကြာလာသည့်တိုင် စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း ဇူလိုင် ၁၉ ရက်နေ့တွင် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက် ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) က ထုတ်ပြန်သည်။

လက်ရှိတွင် ရခိုင်က ပုံမှန်စီမံကိန်းများကို ပြန်လည် စတင်ဆောင်ရွက် နေသော်လည်း ဆိုင်ကလုန်း ကယ်ဆယ် ရေးလုပ်ငန်း ဆောင်ရွက်ခွင့်များကို  နှစ်လကြာသည့်တိုင် ကန့်သတ်ထားဆဲဖြစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း အစီအစဉ်များအား ပြန်လည်အတည်ပြုနိုင်ရေးအတွက် စစ်ကောင်စီထံ တင်ပြထားကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီက ကန့်သတ်ထားခြင်းကြောင့် နိုင်ငံတကာအကူအညီများကို အဓိက အားကိုးမျှော်လင့်နေရ သည့် မုန်တိုင်းသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးတွင် ပို၍အခက်ကြုံစေသည်ဟု လူမှုရေးတက်ကြွ လှုပ် ရှားသူများက ပြောကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက “အစိုးရ(စစ်ကောင်စီ)က ထောက်ပံ့ပေမယ့်လည်း လုံလောက်မှု မရှိဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူ အညီတွေရမှ ပြည်သူတွေက အဆင်ပြေလာနိုင်တယ်။ နိုင်ငံတကာအဖွဲ့တွေကို ကူညီခွင့်တွေကန့်သတ်ထားတော့ မုန်တိုင်းသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေးကို အများကြီး နှောင့်နှေးမှုတွေ ဖြစ်လာစေတယ်” ဟု ပြော သည်။

မုန်တိုင်းသင့်ပြည်သူများမှာ စစ်ကောင်စီနှင့် အရပ်ဖက်အဖွဲ့အချို့ထံမှ ကူညီထောက်ပံ့မှု အချို့ ရရှိကြသော်လည်း လုံလောက်မှု မရှိသဖြင့် အခက်အခဲဖြစ်နေကြသည်။

ပျက်စီးနေအိမ်များကိုလည်း ယခုအချိန်ထိ ဆောက်လုပ်နိုင်ခြင်း မရှိသေး၍ စစ်ကောင်စီအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများကို လွတ်လပ်စွာ ကူညီခွင့်ပေးရန် မုန်တိုင်းသင့်ပြည်သူများက တောင်းဆိုနေကြသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ခွင့်တွေ ပြုပေးစေချင်တယ်။ အထောက်အပံ့ လုံလောက်စွာ မရကြလို့ အိမ်မဆောက်နိုင်သေးတဲ့ပြည်သူတွေ အများကြီးရှိသေးတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ကူညီခွင့် ရမှ ပြည်သူတွေ အမိုးအကာအောက် ရောက်နိုင်ဖို့ အများကြီးအထောက်အကူဖြစ်နိုင်မယ်” ဟု ရသေ့တောင် မြို့နယ်၊ ကူတောင်ကျေးရွာက ကိုသိန်းစိုးက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ  ၁၁ သိန်း ကျော် ထိခိုက်နစ်နာခဲ့ပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မုန်တိုင်းတိုက်ခတ်မှု နှစ်လကျော်လာပြီဖြစ်သော်လည်း အများစုမှာ အမိုးအကာ မလုံခြုံမှု၊ စားဝတ် နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရကြရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက်လည်း စိန်ခေါ်မှုများစွာ ရှိနေကြသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...