ရခိုင်ဒေသထုတ်ကုန် စက်ရုံများ မလည်ပတ်နိုင်သေး

ရခိုင်ဒေသထုတ်ကုန် စက်ရုံများ မလည်ပတ်နိုင်သေး

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်အတွင်းက ဒေသထုတ်ကုန်စက်ရုံများမှာ မုန်တိုင်း အလွန် နှစ်လကြာအထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ပျက်စီးသွားသည့် စက်ရုံများကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး၊ အချို့စက်ရုံများမှာလည်း ငွေကြေး အခက်အခဲများ ကြောင့် မလည်ပတ်နိုင်သေးကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ကျနော်တို့လုပ်ငန်းက အရင်းများတယ်။ လက်ရှိမှာတော့ ပြန်ပြင်လို့ရမယ့် အစိတ်အပိုင်းတွေကို စုနေတာပေါ့။ ပစ္စည်းဈေးတွေကလည်း တောက်လျှောက် ဈေးတက်နေတယ်။ အခုက လူတိုင်းလိုလိုမှာ အခက်အခဲ ဖြစ်နေကြ တယ်။ အဲလိုနဲ့ကြန့်ကြာနေတာပေါ့” ဟု စစ်တွေမြို့ရှိ Lucky Seven Tissue ကုန်ထုတ်လုပ်ငန်းရှင် ဦးကျော်မင်း ထွန်းက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက ကုန်ထုတ်စက်ရုံ များ ဖြစ်သည့် တစ်ရှူးစက်ရုံ၊ ပလက်စတစ်စက်ရုံ၊ ရေသန့်စက်ရုံ၊ မဆလာနှင့် ငရုတ်သီးမှုန့် ထုတ်လုပ်သည့် “အိုးသူကြီး” စက်ရုံများမှာ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့သည်။

“မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စက်တွေ ပုံမှန်ပြန်လည်ပတ်ဖို့ အခက်အခဲရှိတယ်။ အခုထိ ပြန်ပြင်လို့ မရသေး တဲ့ စက်တွေရှိနေတယ်။ အဲဒါတွေ ပြုပြင်နိုင်ဖို့ အချိန် အများကြီးယူရဦးမှာ” ဟု စစ်တွေမြို့က “အိုးသူကြီး” ကုန် ထုတ်လုပ်ငန်း ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ငြိမ်းဦးက ပြောသည်။

ပျက်စီးသွားသည့် ကုန်ထုတ်စက်ရုံများ ပြန်လည်ပြုပြင်ရန်အတွက် ချေးငွေရရှိရန် ပြည်နယ်စစ်ကောင်စီထံ တင် ပြထားသော်လည်း မုန်တိုင်းအလွန် နှစ်လခန့်ကြာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးဘူးဟု ဆို ပြော သည်။

ကုန်ထုတ်စက်ရုံများ မလည်ပတ်နိုင်သေး၍ စက်ရုံကို မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများမှာ  အခက်အခဲများ နှင့် ကြုံတွေ့နေရပြီး အလုပ်နုတ်ထွက်မှုများအထိ ရှိလာသည်။

စစ်တွေမြို့ Lucky Seven Tissue စက်ရုံမှ အလုပ်သမား မဖြူဖြူဝင်းက “အခုက အလုပ်မလုပ်ရတော့ ပိုက်ဆံ လည်း မရဘူး။ အရင်တုန်းကဆို အိမ်ကို ပုံမှန်ငွေလွှဲနိုင်တယ်။ အခုကျတော့ အလုပ်လည်း မလုပ်ရဘူး။ ပိုက်ဆံ လည်း မလွှဲနိုင်တဲ့အတွက် စိတ်မကောင်းဘူး။ တချို့ဝန်ထမ်းတွေဆိုရင် အလုပ်ထွက်သွားကြတယ်။ ကျမကတော့ ပိုင်ရှင်ကတောင်းဆိုလို့ ဆက်နေတာ။ အဆင်တော့ မပြေဘူးပေါ့” ဟု ပြောသည်။

Lucky Seven Tissue ကုန်ထုတ်စက်ရုံတွင် ယခင်က အလုပ်သမားဝန်ထမ်း ၁၂ ဦးဖြင့် လည်ပတ်ခဲ့ပြီး မုန်တိုင်း အလွန် ဝန်ထမ်း ၈ ဦး အလုပ်နုတ်ထွက်သွားဖြင့် ဝန်ထမ်း ၄ ဦးသာ ကျန်ရှိတော့သည်။

“ကျနော်တို့လည်း ဝန်ထမ်းတွေကို တတ်နိုင်သလောက် ထိန်းထားချင်တာပဲ။ ဒါပေမဲ့ ထွက်သွားတဲ့ လူတွေလည်း ရှိတယ်။ ချေးငွေတင်ထားတာလည်း ဘာသတင်းမှ မကြားရဘူး” ဟု စစ်တွေမြို့ Lucky Seven Tissue စက်ရုံမှ ဒါရိုက်တာ ကိုနေမင်းအောင်က ပြောသည်။

ရခိုင်က ကုန်ထုတ်လုပ်ငန်းရှင်များမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်အတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ နှင့် ကုန်ကြမ်းလိုအပ်ချက်များ ရှိနေသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်သင့် ကုန်ထုတ်စက်ရုံများမှာ မလည်ပတ်နိုင်သေးဖြင့် အဆိုပါစက်ရုံများက အလုပ် သမားများမှာ အလုပ်နုတ်ထွက်ကာ ပြည်ပထွက်ခွာမှုများရှိလာနေသည်။

ပုံစာ - စစ်တွေမြို့က မုန်တိုင်းသင့်  Lucky Seven Tissue စက်ရုံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...