နိုင်ငံခြားငွေလဲကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်း

နိုင်ငံခြားငွေလဲကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန

နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီ ၁၀ ခုကို လိုင်စင်ရုတ်သိမ်းကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇူလိုင် ၁၂ ရက်စွဲဖြင့် ကြေညာလိုက်သည်။

လိုင်စင်ရုတ်သိမ်းခံရသည် ကုမ္ပဏီများမှာ Kannan Trading Co,Ltd၊ Net Change Co,Ltd၊ Thiri Aung Si Trading၊ Riverwood  Group၊ Global Myanmar Service ၊D-Gold Trading၊ Aurum Image Co,Ltd၊ Hi welcome Travel & Tour Co,Ltd၊ Sweeties Pearls၊ Chase Travels & Tours Co,Ltd တို့ ဖြစ်သည်။

အဆိုပါကုမ္ပဏီ ၁၀ ခုသည် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို မလိုက်နာဟုဆိုကာ နိုင်ငံ ခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်အား အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

နိုင်ငံခြားငွေလဲ ကုမ္ပဏီများကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခြင်း၊ အရေးယူမှုများ ရှိလာသောကြောင့် ငွေလဲ လှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

PHK Money Changer တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဆိုင်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် ပိတ်ထားပါတယ်။ ငွေလဲတာတွေ မဆောင် ရွက်ပေးတော့ဘူး” ဟု ပြောသည်။

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို  ၃,၀၅၀ ကျပ်မှ ၃,၁၀၀ ကျပ်အတွင်း  ပေါက်ဈေး ရှိနေသည်။

သို့သော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီများကို အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ ကျပ်နှင့် လဲလှယ်ရန်အပြင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပို၍ မလဲလှယ်ဖို့နှင့် စစ်ဆေး မှုများ လုပ်သည့်အခါ စာရင်းပြသနိုင်ရမည်ဆိုသည့် စည်းကမ်းချက်များ ချမှတ်ထားသည်။

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက “ဒေါ်လာဈေးတွေ ပြင်ပမှာ တက်နေပေမယ့် လည်း လက်ထဲမှာ ဒေါ်လာမရှိကြတာက များတယ်” ဟု ပြောသည်။

ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် ငွေလဲလှယ်နှုန်းများ မြင့်တက်နေခြင်းပတ်သက်၍ ဗဟိုဘဏ်က  လိုင် စင်ပိတ်သိမ်း အရေးယူမူများ ရှိနေသည်။

ဇွန်လအတွင်းက ငွေကစားသူများ၊ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများနှင့် တရားမဝင် နိုင်ငံခြားငွေလွှဲ ပြောင်းသူများ လူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အရေးယူခဲ့ပြီး Shwe Nan Taw Wyn Co,Ltd  ကိုလည်း နိုင်ငံ ခြားငွေ လဲလှယ်ခွင့်လိုင်စင် သုံးလဆိုင်းငံ့ခြင်း၊ မတ်လမှာလည်း Global Innovations Finance Co,Ltd နှင့်အတူ ကုမ္ပဏီ ၂၀ အား လိုင်စင်ရုတ်သိမ်းခြင်းများ ရှိခဲ့သည်။

စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်စပ်နေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က ကြေညာခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ ငွေလဲလှယ်ရေးလုပ်ငန်းများနှင့် ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးတာမှုလည်း ရှိလာခဲ့သည်ဟု လုပ်ငန်းရှင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...