ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် မုန်တိုင်းသင့်ပြည်သူ လေးသိန်းခန့်ကိုသာ ထောက်ပံ့နိုင်သေးကြောင်း WFP ပြော

ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် မုန်တိုင်းသင့်ပြည်သူ လေးသိန်းခန့်ကိုသာ ထောက်ပံ့နိုင်သေးကြောင်း WFP ပြော

ဆိုင်ကလုန်း “မိုခါ” ဒဏ်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေသည့် ရခိုင်ဒေသတွင် ပြည်သူရှစ်သိန်းကို ကူညီထောက်ပံ့ပေးနိုင်ရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မျှော်မှန်းထားသော်လည်း ဒေသတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် လက်ရှိတွင် လူဦးရေ လေးသိန်းခန့်ကို တစ်လစာ အတွက်သာ ကူညီထောက်ပံ့ပေးနိုင်သေးသည်ဟု ပြောသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ဒေသတွင် WFP ၏ ထောက်ပံ့ရေးအခြေအနေနှင့် ပတ်သက်ပြီး DMG က Email မှတဆင့် မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြား ခဲ့သည်။

“ကျနော်တို့ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ အကူအညီသွားရောက်ပေးအပ်ခွင့်ရရှိရေး ဖြစ်ပါတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က Email မှတဆင့် DMG ကို ဖြေကြားထားသည်။

မုန်တိုင်းသင့်ပြည်သူများကို ကုသမဂ္ဂလူသားချင်း စာနာရေး အထောက်အပံ့များ ပြန်လည်ပေးအပ်ခွင့် ရရှိနိုင်ရန် အတွက် သက်ဆိုင်ရာ(စစ်ကောင်စီ) တာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်းလည်း WFP က ဆိုသည်။

WFP အနေဖြင့် ရခိုင်က မုန်တိုင်းဒဏ်သင့် ပြည်သူအချို့ကို အသက်ကယ်ဆယ်ရေး အထောက်အပံ့၊ အာဟာရ အထောက်အပံ့၊ လုံခြုံရေး အမိုးအကာ စသည့်အရေးပေါ်လိုအပ်ချက် ပစ္စည်းများနှင့် အသက်မွေးဝမ်းကျောင်း အကူအညီများကို ပေးအပ်လျက်ရှိသည်။

ရသေ့တောင်ဒေသခံ ကိုအောင်ပိုင်စိုးက “WFP ကတော့ မုန်တိုင်းလွန်ကာလမှာ သွားလို့ရတဲ့နေရာကို သွားခဲ့ပြီး တော့ စစ်တပ်ရှိတဲ့ နေရာတွေကိုတော့ မသွားခဲ့ဘူး။ တခါတလေ ထွေ/အုပ်နဲ့ပူးပေါင်းပြီး တဆင့်ခံ ပေးခဲ့တာ ရှိတယ်။ ဆန်၊ ဆီ၊ အာဟာရမုန့်၊ တာပေါ်လိပ်တွေလည်း ပေးခဲ့တယ်။ တစ်ရွာနဲ့ တစ်ရွာကတော့ ရရှိတာချင်း မတူဘူး။ အများရတဲ့ ရွာရှိသလို၊ နည်းနည်းရတဲ့ ကျေးရွာတွေလည်းရှိတယ်” ဟု DMG သို့ပြောသည်။

ရခိုင်တွင် မုန်တိုင်းသင့်ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့် NGOs အဖွဲ့အစည်းများကို ခရီးသွားလာခွင့် ရပ်ဆိုင်းရန် ဇွန်လ ၇ ရက်စွဲဖြင့် စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့သည်။

ထို့နောက် ယခင်အတိုင်း ခွင့်ပြုချက်တင်ကာ လုပ်ဆောင်ခွင့်ပြုကြောင်း ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူ လက်မှတ်‌ရေးထိုးပြီး ဇွန် ၁၁ ရက်တွင် ထုတ်ပြန်လာသည်။

NGO/INGO နှင့် အခြားအဖွဲ့အစည်းများမှာ လတ်တလော မြေပြင်သွားလာခွင့် ရရှိရေးအတွက် စစ်ကောင်စီ ထံသို့ ခွင့်ပြုချက်တောင်းခံရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေဆဲဖြစ်ကြောင်း အဖွဲ့အစည်းများက ပြောဆိုသည်။

စစ်တွေမြို့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသည့် အမျိုးသမီးတစ်ဦးက “ထောက်ပံ့ပစ္စည်းတွေပေးဖို့ ကျမတို့မှာ TA (ခွင့်ပြုချက်) တင်ထားတာ တစ်လလောက်ရှိနေပြီ မကျသေးဘူး။ ဆိုတော့ ကိုယ့်နည်းလမ်းနဲ့ ကိုယ် အဆင်ပြေသလို လုပ်ဆောင်ရတယ်။ ဘာကြောင့် အခုလိုကြန့်ကြာအောင် လုပ်ဆောင်နေတာလဲ ကျမတို့ လည်း မသိဘူး။ သူတို့လုပ်ချင်သလို လုပ်နေကြတာလို့ပဲ မြင်တယ်” ဟု DMG သို့ ပြောသည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတ ကာ အဖွဲ့အစည်းနှင့် အရပ်ဖက်များမှာ စစ်ဆေးရေးဂိတ်အချို့တွင် ကန့်သတ်ခံရခြင်း၊ နယ်/လုံလက်မှတ် မရရှိ သဖြင့် ခရီးသွားလာခွင့် ရပ်တန့်နေရသည့် အခြေနေများရှိနေကြသည်။

မုန်တိုင်းသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရရှိရန် အဖွဲ့ အစည်းများက လိုလားနေကြသည်။

မုန်တိုင်းသင့်ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်မှာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီအပါအဝင် အားလုံးက ပြောဆိုထားကြသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၅ သိန်း ကျော်ခန့် နစ်နာထိခိုက်ခဲ့ရသည်။

လာမည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် မုန်တိုင်းတိုက်ခတ်မှု ၂ လပြည့်တော့မည် ဖြစ်သော်လည်း ပြည်သူအများစုမှာ အမိုးအကာ မလုံမခြုံမှု၊ စားဝတ်နေရေး ကြပ်တည်းမှုများကို ကြုံတွေ့နေရဆဲဖြစ်ကာ ပြန်လည် ထူထောင် ရေး အတွက် စိန်ခေါ်မှုများစွာ ရှိနေသေးသည်။

ပုံစာ - စစ်တွေမြို့နယ်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ၂၀၂၃ မေလ ၉ ရက်နေ့က တွေ့ရစဉ်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...