မောင်တောက လူတစ်သောင်းခန့်အတွက် WFP ကူညီခွင့် ကန့်သတ်ခံထားရ

မောင်တောက လူတစ်သောင်းခန့်အတွက် WFP ကူညီခွင့် ကန့်သတ်ခံထားရ

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းက လူဦးရေတစ်သောင်းခန့်အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က အကူအညီပေးရေးကို ယခုနှစ် မတ်လကစပြီး စစ်ကောင်စီက ကန့်သတ်ထားသည်။

“ဒီနှစ် မတ်လကစပြီးတော့ မောင်တောမြို့နယ် မြောက်ပိုင်းက လူဦးရေ ၁၀,၀၀၀ လောက်ကို အကူအညီ ပေး အပ်နိုင်ဖို့ အတွက် သွားရောက်ခွင့်မရရှိတဲ့ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရပါသေးတယ်” ဟု  WFP က အီးမေးလ် က တစ်ဆင့် DMG သို့ ဖြေကြားသည်။

သို့သော် ယခုကိစ္စနှင့်ပတ်သက်၍ WFP က အသေးစိတ်ဖြေဆိုခြင်း မရှိပေ။

လက်ရှိတွင် လူသားချင်းစာနာမှု အထောက်အပံ့များ ပြန်လည်ပေးအပ်ခွင့် ရရှိနိုင်ရန် ကုလသမဂ္ဂ အနေဖြင့် သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းနေကြောင်း WFP က ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းရှိ ဒုက္ခသည်တစ်သိန်းခန့်ကို စားနပ်ရိက္ခာ အပါအဝင် လူသုံးကုန်ပစ္စည်းများကို WFP က လစဉ် ထောက်ပံ့နေခြင်း ဖြစ်သည်။

“ကူညီကယ်ဆယ်ရေးက ရုတ်တရက် ရပ်တန့်သွားတယ်။ သူတို့ (WFP) ဘက်ကလည်း ကျနော်တို့ကို  ဘာမှ မပြောခဲ့ဘူး။ ထောက်ပံ့မှုမရတာ ၄ လကျော် ရှိနေပါပြီ။ အလုပ်အကိုင်လည်း အဆင်မပြေတော့ ဖြစ်သလို ဖြေရှင်းနေကြရတယ်” ဟု ဂြိတ်ချောင်း (မြို) ကျေးရွာနေ ဦးမောင်သာက ပြောသည်။

မောင်တော မြောက်ပိုင်းရှိ ဂြိတ်ချောင်း(မြို)၊ မြဝတီ၊ ခုံတိုင်၊ သက်ကိုင်ညာ၊ တမန်းသား စသည့် ကျေးရွာ ၂၄ ရွာမှ လူဦးရေ တစ်သောင်းခန့်အတွက် WFP က စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ သကြား စသည့် အသုံးအဆောင်များကို လစဉ် ထောက်ပံ့ပေးနေရာမှ စစ်ကောင်စီ၏ ကန့်သတ်ချက်ကြောင့် ရပ်တန့်သွားခြင်းဖြစ်သည်။

မောင်တော မြောက်ပိုင်းသို့ သွားသည့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီ နယ်ခြားစောင့် စစ်ဆေးရေးဂိတ် ၁၀ ခု ခန့်ရှိပြီး အဆိုပါဂိတ်များထဲမှ အများစုမှာ စစ်ဆေးရေး တင်းကြပ်မှုကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့် မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောင်တောမြို့နယ်သည် နယ်စပ်ဒေသ ဖြစ်သောကြောင့် အခြေခံစားသောက်ကုန်နှင့် ကုန်ဈေးနှုန်းများသည် အခြား မြို့နယ်များထက် ပို၍မြင့်မားသည်။

ထို့ကြောင့် WFP ၏ ထောက်ပံ့မှုကို စစ်ကောင်စီက ကန့်သတ်ထားခြင်းမှာ ပြည်သူများ အတွက် စားဝတ်နေရေး ကို ပို၍ အခက်အခဲ ဖြစ်စေသည်ဟု ဒေသခံများက ပြောကြသည်။

“ပုံမှန်ထောက်ပံ့မှုမရှိတော့ အစားအသောက် ကြပ်တည်းသွားတယ်။ ဆန်ဈေးနှုန်းကလည်း အရမ်းတက်နေ တယ်။ ထောက်ပံ့မှု ရပ်ပြီးနောက်မှာ ငါးရှာ၊ ဟင်းရှာပြီး ဝမ်းရေးဖြေရှင်းနေရတယ်” ဟု သုပဏ္ဏက (ရွာသစ်) ကျေးရွာမှ ကိုမင်းမြတ်ဝေက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ မောင်တောဒေသ ပဋိပက္ခကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အပါအဝင် NGO၊ INGOs အဖွဲ့အစည်းအချို့က ဆန်၊ ဆီ၊ ဆားနှင့် ကလေးအားဖြည့်စာအပြင် ရိက္ခာများကို ထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

July 14, 2026
ရေကြီးမှုဒဏ် ကြုံတွေ့ခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် လယ်ယာနှင့် ဟင်းသီးဟင်းရွက်...
July 13, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း ငွေသားပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး...
July 9, 2026
ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ကျောက်တော်၊ မြောက်ဦးနှင့်...
July 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့နယ်ကို စစ်တပ်က ဂျက်တိုက်...