မင်းတပ်မှာ ရှားပါးပင်မြင့် သစ်ခွများ ရှာဖွေရောင်းဝယ်ခြင်းကို ကန့်သတ်တားမြစ်

မင်းတပ်မှာ ရှားပါးပင်မြင့် သစ်ခွများ ရှာဖွေရောင်းဝယ်ခြင်းကို ကန့်သတ်တားမြစ်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း သဘာဝပေါက်ပင်များဖြစ်သည့် ရှားပါးပင်မြင့် သစ်ခွအမျိုးမျိုးကို ရှာဖွေ ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများကို လုံးဝ ခွင့်မပြုကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က ထုတ်ပြန်သည်။

ပုဇွန်၊ နီလုံး၊ ဖြူတု၊ ရိုးတန်ရှည် စသည့် ပင်မြင့်များတွင် ပေါက်တတ်သော ရှားပါးသစ်ခွအမျိုးမျိုးကို သစ်တော ထွက်ပစ္စည်းများအဖြစ် ရှာဖွေရောင်းဝယ်ခြင်းများကို ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့တာဝန်ခံ ကိုယောမာန်က ပြောသည်။

“အခု တားမြစ်ထားတာက အပင်ပေါ်မှာ ပေါက်တဲ့ပင်မြှင့် သစ်ခွတွေပေါ့။ တားမြစ်ရတဲ့အကြောင်းကလည်း အဲ့ဒီ သစ်ခွတွေမှာ ပင်မြင့်ဖျားမှာ ရှိတာရယ်၊ ခူးဖို့ မလွယ်တာရယ်၊ နံပါတ်တစ် ဈေးကောင်းလည်း ရတယ်။ အဲ့ဒါ ကြောင့် ဒေသခံ စီးပွားရေးသမားတချို့က အဲသစ်ခွတွေကို ခူးတဲ့အခါကြရင် အပင်လုံးကို လှဲပစ်ပြီးမှ အဲ့မှာ ကပ် နေတဲ့ သစ်ခွတွေကို ယူကြတာဖြစ်တယ်။ အဲ့ဒါကြောင့် သစ်တောပြုန်းတီးမှု အရမ်းဖြစ်စေတယ်။ အဲ့ဒါကြောင့် ကန့်သတ်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ရှားပါးသစ်ခွများကို အမြဲတမ်းရောင်းဝယ်ဖောက်ကားမှုတွေ ဖြစ်နေသည့်အတွက် ယမန်နှစ်ကစတင်၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမှုအဖြစ် တားမြစ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း တားမြစ်ခြင်းဖြစ်သည်။

မြေကြီးပေါ်တွင် ကပ်ပေါက်သော သစ်ခွများဖြစ်သည့် တလုံးပု၊ တိုင်းလုံးကျော်၊ တပင်ရွှေထီး စသော သစ်ခွများ ကို မင်းတပ်မြို့နယ် (ပအဖ) ခွင့်ပြုထားသော်လည်း ပင်မြင့်ရှားပါး သစ်ခွများကဲ့သို့ ဈေးကောင်း မရမှုကြောင့် ဒေသခံ စီးပွားရေး သမားများက ပင်မြင့်ရှားပါး သစ်ခွအမျိုးမျိုးကို ပိုမိုရှာဖွေ ရောင်းဝယ် ဖောက်ကားကြသည် ဟု ဆိုသည်။

“သစ်ခွရာသီ မပေါ်ခင်မှာ ကြိုတင်ထုတ်ပြန်တာ ဖြစ်တယ်။ ဒီမှာ နောက်တဆင့် တရားဥပဒေနဲ့ ဘယ်လိုအရေး ယူဆောင်ရွက်မှုတွေ ရှိမယ်ဆိုတာ နောက်ထပ် စာတွေ ထုတ်ပြန်ဖို့လည်း ရှိပါတယ်”ဟု ကိုယောမာန်က ပြောသည်။

ရှားပါးပင်မြင့် သစ်ခွအမျိုးမျိုးကို တရားမဝင် ရောက်ဝယ်ဖောက်ကားပါက ပစ္စည်းများကို ဖမ်ဆီး၊ ဖျက်စီးခြင်း၊ ဒဏ်ငွေ ရိုက်ခြင်း၊ အချုပ်ဒဏ်ဖြစ်ဖြစ် (သို့မဟုတ်) ထောင်ဒဏ်ဖြစ်ဖြစ် ချမှတ်ခြင်းများကို ပြုလုပ်မည်ဟု ဆို သည်။

နှစ်စဉ် စက်တင်ဘာလ မှ နောက်တနှစ် ဇန်နဝါရီလအထိမှာ သစ်ခွရာသီဖြစ်ပြီး သစ်ခွရှာဖွေ ရောင်းဝယ်သူများ သည် သစ်ခွများကို စစ်ဆေးရေးဂိတ်များမှ နည်းလမ်းပေါင်းစုံဖြင့် ဖြတ်ကျော်ခွင့်ရအောင် လုပ်ဆောင်ကြပြီး ပြည်မဘက်သို့ ရောင်းချလေ့ရှိသည်။

အဆိုပါ သစ်ခွများကို တရုတ်နိုင်ငံက ဆေးဖော်ရန် အဓိက ဝယ်ယူလေ့ ရှိသည်ဟု သိရသော်လည်း သီးခြား အတည်ပြုချက် မရရှိပေ။

လက်ရှိတွင် ကန်ပက်လက်၊ ဆော စသည့် သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ်၍ ရှားပါးသစ်ခွများ ရောင်းဝယ်မှုကို တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်နေကြသည်။

မင်းတပ်မြို့နယ်အတွင်း ဒေသအသုံးပြုရန် သစ်ထုတ်ခြင်းကို ခွင့်ပြုထားသော်လည်း စီးပွားရေးသမားများ၏ စီးပွားဖြစ် တရားမဝင် သစ်ခိုးထုတ်ခြင်းများကို လုံးဝ ခွင့်မပြုကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...