ကျောက်ဖြူဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များတောင်းဆို

ကျောက်ဖြူဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များတောင်းဆို
တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရုံးထုတ်လာစဉ်။
တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရုံးထုတ်လာစဉ်။

ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့က ဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုလိုက် သည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် အသက် (၄၁)နှစ်နှင့် ဒေါ်ခင်အုန်းနွှဲ့ အသက် (၅၆)နှစ် တို့ အမှုမှာ သက်သေအားလုံး စစ်ဆေးပြီး၍ အပြီးသတ် အမိန့်ချမှတ်ရန်သာ ကျန်ရှိသော်လည်း တရားရုံးက အမိန့် မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ သုံးကြိမ်အထိရှိလာပြီ ဖြစ်သည်။

၎င်းတို့အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် အမိန့်ချမှတ်ရန် ကျောက်ဖြူခရိုင်တရားရုံးက ရုံးချိန်းခဲ့သော်လည်း အမိန့် ချမှတ်ခြင်းမရှိဘဲ ဇူလိုင်လ ၁၈ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

တရားရင်ဆိုင်နေသူ ဒေါ်ခင်အုန်းနွှဲ့၏သမီး မမြနွဲ့က “အမှုက အားလုံးကိုစစ်ဆေးပြီးသွားပေမယ့် အခုထိ အမိန့် မချသေးဘူး။ ဘာကြောင့်ကြာနေတာလဲ ကျမတို့လည်း နားမလည်ဘူး။ အမိန့်ချမယ့်နေ့ကို ခဏခဏ ရွှေ့ဆိုင်းနေ တယ်။ တရားရုံးအနေနဲ့ အမိန့်ကို အမြန်ဆုံး ချပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး AA အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားရင်ဆိုင်နေရမှု ကြာမြင့်လာသည်နှင့်အမျှ မိသားစုဝင်များမှာ အခက်အခဲများရှိနေကြသည်။

ဦးသန်းလှိုင်၏ဇနီး ဒေါ်ချိုချိုသိန်းက “ကျမတို့မှာက အိမ်ငှားပြီးနေရတာ။ သမီးကြီးကလည်း ဒီနှစ်ဆို ကျောင်း တက်နေပြီ။ ငွေကြေးကအစ အဆင်မပြေတာတွေ အများကြီးဖြစ်နေတယ်။ အဲဒါကြောင့် ထောင်ချရင်လည်းချ၊ လွှတ်ရင်လည်း အမြန်ဆုံးလွှတ်ပေးပါ။ ဟိုနေ့ကိုရွှေ့ဆိုင်းလိုက် ဒီနေ့ကိုရွှေ့လိုက်နဲ့ စိတ်ပင်ပန်းရတယ်” ဟု ပြော သည်။

ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၏ အမှုများတွင် အမိန့်ချရန်သာ ကျန်ရှိသော် လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများ၏ ပြောပြချက်အရ သိရသည်။

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း အပါအဝင် သုံးဦးအမှုကို မြို့နယ်တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်း နေသည်မှာ (၈) ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။  

DMG က ကောက်ယူထားသော စာရင်းများအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ -က၊ ခ နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ - ၁၊ ၂ တို့ဖြင့် တရားစွဲဆိုခံထားရသူ အယောက် ၅၀ ဦးခန့်ရှိသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...