မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ

မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ

မွန်ပြည်နယ်အတွင်းက ဇာတ်သဘင်လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာပြီး၊ လာမည့်ပွင့်လင်းရာသီမှာ ဇာတ် သဘင် ငှားရမ်းသူ မရှိလျှင် ရပ်နားရမည့် အနေအထားဖြစ်နေသည်ဟု ဇာတ်သဘင်တည်ထောင်သူများက ပြောသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ချိန်ကစပြီး ရပ်နားထားရသည့် ဇာတ်သဘင်များ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ် ပေါ်လာသည့် နယ်မြေမတည်ငြိမ်မှု၊ လုံခြုံမှုမရှိသည့် အခြေအနေများကြောင့် ဇာတ်ပွဲငှားသူနည်းပါးပြီး ပွဲမထွက် နိုင်ဘူးလို့ ဇာတ်သဘင်တည်ထောင်သူ ဦးဝင်းနိုင်က ဆိုသည်။

“လာမဲ့နှစ်လည်း ဒီလိုပဲဆိုရင် နားတော့မယ်။ ဆုံးရှုံးလည်း မတတ်နိုင်တော့ဘူး။ မန္တလေးဘက်က ဇာတ်ဆရာတွေ ဆို ပစ္စည်းတွေ အကုန်ရောင်းလိုက်ကုန်ပြီး။ ဒီအတိုင်းပဲသွားရင်တော့ ဦးတို့က နားဖို့ပဲများတယ်။ အခြားအလုပ် ပြောင်းလုပ်တော့မယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဇာတ်သဘင်များ အလှူပွဲလိုနေရာမျိုးမှာသာ ကပြဖျော်ဖြေနေရသည် ဟု လည်း ဇာတ်သဘင်တည်ထောင်သူများက ပြောသည်။

ပြီးခဲ့သည့်နှစ်က မွန်ဇာတ်သဘင်များ ငှားရမ်းသူရှိခဲ့သော်လည်း မြန်မာဇာတ်သဘင်များ ငှားရမ်သူမရှိသလောက် နည်းပါးခဲ့သည်ဟု မော်လမြိုင်မြို့နယ် သဘင်အစည်းရုံးဥက္ကဌ ဦးဆန်းလင်းက ဆိုသည်။

“ကလို့ရတဲ့နေရာတွေက ကရင်ပြည်နယ်ဘက်၊ မြဝတီရယ်ပဲ အားပြုနေရတယ်။ မွန်ဇာတ်တွေကျတော့ အလှူပွဲ တို့လို ဇာတ်တစ်ဖွဲ့လုံး မသွားရပေမဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို ခေါ်ပြီးဆိုရင် ဘယ်လိုဖြစ်ဖြစ် သိန်း ၂၀/၃၀ လောက်တော့ရတယ်လေ။ ဗမာဇာတ်တွေကျတော့ အများဆုံး ၇/၆ သိန်းလောက်ပဲရတာ သိပ်ပြီးလည်း မသွားရဘူး” ဟု ၎င်းက ပြောသည်။

ဇာတ်သဘင်များသည် ညလုံးပေါက် ကပြဖျော်ဖြေရသော်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် ညမထွက် ရ အမိန့်ကြောင့် ပွဲငှားသူတို့၏ တာဝန်ယူမှု တာဝန်ခံမှု အပေါ်မူတည်ပြီး ည ၁၂ နာရီအထိသာ ကပြဖျော်ဖြေနေရ သည်ဟု ဇာတ်တည်ထောင်သူများ၏ ပြောပြချက်အရ သိရသည်။

လာမည့် ပွင့်လင်းရာသီတွင်လည်း ဇာတ်သဘင် ငှားရမ်းသူရှိ မရှိဆိုတာကလည်း နိုင်ငံရေးအခြေအပေါ် တွင်သာ အများကြီးမူတည်နေကြောင်း ဇာတ်တည်ထောင်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သဘင်အစည်းအရုံးက ဇာတ်သဘင် တစ်ဖွဲ့လျှင် ကျပ်သိန်း ၇၀ ထုတ်ချေးပေးခဲ့သည့် ချေးငွေကိုတော့ ဇာတ်သဘင်များ ကြုံတွေ့နေရသည့် အခက်အခဲကြောင့် အတိုးငွေကိုသာ ဆပ်စေခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် မွန်ဇာတ်သဘင်များ အပါအဝင် ဇာတ်သဘင်ပေါင်း ၄၀ နီးပါးရှိပြီး ဇာတ်သဘင်များ ငှားရမ်းသူ မရှိသည့်အတွက် ဇာတ်သဘင်လုပ်သားများ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြသူများ ရှိသလို အချို့ကလည်း ကြုံ ရာကျပန်းအလုပ် ဝင်လုပ်ကာ စားဝတ်နေရေးဖြေရှင်းနေကြရသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...