ရက္ခိုင့်တပ်တော်(AA)၏ အရာရှိသင်တန်းဆင်းပွဲကို ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်

ရက္ခိုင့်တပ်တော်(AA)၏ အရာရှိသင်တန်းဆင်းပွဲကို ရခိုင်တွင် ပထမဆုံးအကြိမ်ပြုလုပ်

ရက္ခိုင့်တပ်တော် (AA)၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲကို ရခိုင်ပြည်တွင်း တစ်နေရာတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ဇူလိုင် ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါသင်တန်း အမှတ်စဉ် (၃)ကို သင်တန်းသူ၊ သင်တန်းသား ၃၂၆ ဦးဖြင့် ရခိုင်ပြည်အတွင်း ၂၀၂၂ ခုနှစ်၊ နိုဝင် ဘာလ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“အနာဂတ် ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး” အတွက် အရာရှိ လေ့ကျင့်ရေး သင်တန်းကို ပြုလုပ်ခဲ့ကြောင်း AA ကဆိုသည်။

အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ်(၁) နှင့် အမှတ်စဉ် (၂) တို့ကို ကချင်ပြည်တွင် ပြုလုပ်ခဲ့ပြီး အမှတ်စဉ် (၃)ကို ရခိုင်ပြည်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် (AA) ၏ အရာရှိ လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ တွင် သင်တန်းသူ၊ သင်တန်းသား (၁၃၈) ဦးဖြင့် ကချင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့ကြသည်။

နောက်ပိုင်းတွင် စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေများကြောင့် မျှော်မှန်းထားသော အနေအထားသို့ ပြည့်မီစွာ ရောက်ရှိနိုင်ခြင်း မရှိခဲ့သော်လည်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ခဲ့ရကြောင်း AA ကဆိုသည်။

အရာရှိသင်တန်း အမှတ်စဉ် (၄) ကိုလည်း ၂၀၂၄ ခု နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားရန် လျာထားကြောင်း ဆိုသည်။

လူငယ်၊ လူရွယ်များအနေဖြင့် တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ကြောင်း လည်း ရက္ခိုင့်တပ်တော်(AA)က ဖိတ်ခေါ်ထားသည်။

လတ်တလော ရခိုင်ပြည်တွင် AA သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံရေးတို့ကို စစ်ကောင်စီ နှင့် အပြိုင် ပြုလုပ်လျက်ရှိနေသည်။

ရက္ခိုင်တပ်တော် (AA)ကို ကချင်ပြည်နယ်ရှိ KIA ဌာနချုပ်၊ လိုင်ဇာတွင် ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် လူငယ် ရဲဘော် ၂၆ ဦးနှင့် တည်ထောင်ခဲ့ပြီး လက်ရှိတွင် စစ်သည်အားအင် ၃၀,၀၀၀ နှင့် အထက်ရှိနေကြောင်း AA တပ်ချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောကြားထားသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...