ဒု-ဥက္ကဋ္ဌအပါအဝင် သုံးဦး ပစ်ခတ်ခံရမှု ULA/AA လက်ချက်ဟု ALP စွပ်စွဲချက်/ အခြေအမြစ်မရှိသော စွပ်စွဲချက်ဟု AA တုန့်ပြန်

ဒု-ဥက္ကဋ္ဌအပါအဝင် သုံးဦး ပစ်ခတ်ခံရမှု ULA/AA လက်ချက်ဟု ALP စွပ်စွဲချက်/ အခြေအမြစ်မရှိသော စွပ်စွဲချက်ဟု AA တုန့်ပြန်
စစ်တွေတက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသွားသူ တစ်ဦး။
စစ်တွေတက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသွားသူ တစ်ဦး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) မှ ဒု-ဥက္ကဋ္ဌ အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးတို့ စစ်တွေမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းမှာ ရက္ခိုင့်တပ်တော်(ULA/AA)၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂ ရက်တွင် ALP မှ ထုတ်ပြန်လိုက်သည်။

သေဆုံးသွားသူများမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒု-ဥက္ကဋ္ဌ ခိုင်နီအောင်၊ ရခိုင်ပြည်လွတ်မြောက် ရေး တပ်မတော်(ALA) တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ဖြစ်သည်။

၎င်းတို့မှာ ဇူလိုင် ၁ ရက်က မုန်တိုင်းကယ်ဆယ်ရေး ကိစ္စများအတွက် ဥက္ကဋ္ဌရုံးမှ အစည်းအဝေးပြုလုပ်၍အပြန် စစ်တွေမြို့ စစ်တွေတက္ကသိုလ်ကျောင်းရှေ့ အရောက်တွင် ULA/AA မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်သတ်ခြင်းခံလိုက်ရသဖြင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု ALP က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“သူတို့(ULA/AA)က လုပ်ကြံဖို့ ကြံစဉ်နေတယ်ဆိုတာကို အရင်ကတည်းက ကြိုတင်ပြီး စစ်ရေးသတင်းရရှိတာ ရှိခဲ့တယ်။ အခုက “မိုခါ”မုန်တိုင်း ကယ်ဆယ်ရေးကာလဖြစ်နေတဲ့အတွက် ရခိုင်လူမျိုးအချင်းချင်း ဒီလောက် ယုတ်ညံ့တဲ့လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ မုန်တိုင်းအတွက် ကယ်ဆယ်ရေးကိစ္စတွေ အပြင်း အထန်ဆောင်ရွက်နေစဉ်မှာ မျှော်လင့်မထားခဲ့လို့ အခုလိုဖြစ်သွားရတာ”ဟု ALP အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်သူရိန်က DMG ကို ပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက် စစ်တွေတက္ကသိုလ်ဆင်းလမ်းက ရထားလမ်းအနီးတွင် ဇူလိုင် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ ခန့်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ALP ပါတီဝင် ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်၊ ရခိုင်လူမျိုးအကျိုးအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများ အချင်းချင်းကြားတွင် ULA/AA မှ စဉ်ဆက်မပြတ်ပြုမူခဲ့သော ဤသို့အပြုအမူမျိုးသည် အလွန်ယုတ်ညံ့သည့် မလုပ်သင့် မလုပ်အပ် သော အပြုအမူဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ALP မှ ထုတ်ပြန်ထားသည်။

ALP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ဒီဟာက အခြေအမြစ်မရှိဘဲ စွပ်စွဲနေတာပဲ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ကတော့ ဒီကိစ္စ လုံးဝပတ်သက်မှု မရှိပါဘူး” ဟု DMG ကို ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်(၁၃)ရှိ ဆီတန်းရှေ့တွင် ALP စစ်ဦးစီးချုပ် အပါ အဝင် တပ်ဖွဲ့ဝင် (၃) ဦးမှာ သေနတ်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းမှာ ULA/AA လက်ချက်ကြောင့်ဖြစ်သည်ဟု ALP မှ ထုတ်ပြန်ခဲ့သည်။

ရခိုင်က လူမှုရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “လုပ်ကြံမှုကတော့ ALP အနေနဲ့ သူတို့မှာ စည်းလုံးမှု ပြိုကွဲနေ တာနဲ့ အများကြီးသက်ဆိုင်တယ်။ ဘယ်သူတွေက ALP အစစ်ဆိုတာကိုတောင် ခွဲလို့မရလောက်အောင် မူဝါဒ ပျက်ပြားနေတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံမှုက လုံးဝကျဆင်းသွားပြီး ဒီဟာက သူတို့ရဲ့ အားနည်းချက်တွေ အများကြီးပေါ်လာပြီး ဒီလိုလုပ်ကြံမှုတွေ အများကြီးဖြစ်လာတာ”ဟု ပြောသည်။

ALP သည် ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များအချင်းချင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်ကာ စောမြရာဇာလင်း ဦးဆောင်သော အဖွဲ့က အမြင်မတူသူများကို ထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် ၂၀၂၃ မတ် လ ၂၀ ရက်နေ့က ALP Facebook Page မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက် ထားပြီး ငြိမ်းချမ်းရေးကိစ္စများကို စစ်ကောင်စီနှင့် ဆွေးနွေးမှုများရှိနေသည်။ ခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့ မှာ အိန္ဒိယ-မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေချကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူများမှာ စစ်တွေမြို့တွင် အခြေစိုက်သော စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့ မှ ဖြစ်ကြသည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...